ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းပန်မြို့ထဲတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) နှင့် ပအို့ဝ် ပြည်သူ့စစ်အဖွဲ့ (PNO) တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။
အောက်တိုဘာ ၁၆ရက်နေ့က မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု ပန်ပီ့ကျေးရွာတောင်ဘက် စေတီ ကုန်းအနီးတွင် ဖြစ်ပြီး နံနက် ၅ နာရီခွဲခန့်မှ နေ့လယ် ၃ နာရီအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်ပီ့ရွာမှ ဒေသခံတဦးက“ တိုက်ဖြစ်တာတော့ ဟုတ်တယ်။ တိုက်ပွဲဖြစ်တာ မနေ့ ၁၆ ရက်နေ့ နံနက် ၅ နာရီခွဲ ကနေ စဖြစ်တာဗျ။ မိုင်းပန်မြို့နယ် ပန်ပီ့ရွာတောင်ဘက်မှာ ဖြစ်တာ။ အခုလောလော ဆယ် တော့ ပြန်ငြိမ်သွားပြီး၊ မဖြစ်တော့ဘူး။ RCSS က ဝင်လာတယ်ပေါ့။ အင်အား ၁၀၀ ကျော်လို့ ပြောတယ်၊ အတိအကျတော့ မသိဘူး” ဟု ဧရာဝတီကို ပြောသည်။
ပအိုဝ့် ပြည်သူ့စစ်အဖွဲ့ (PNO) သည် ပန်ပီ့ရွာတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး RCSS သည် မိုင်းပန်မြို့နယ်တဝိုက်တွင် လှုပ်ရှားလျက် ရှိသည်။
RCSS မှ တောင်ကြီးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးစိုင်းဦးက “ကျနော်တို့ အသေအချာ တော့ မသိသေးဘူး၊ ဘယ်အဖွဲ့နဲ့ဆိုတာ။ PNLO ရုံးနဲ့ ဆက်သွယ်ပေမယ့်လည်း သူတို့ကလည်း သူတို့ မသိသေးဘူးလို့ ပြောတယ်။ မိုင်းပန်မြို့နယ်ထဲမှာ PNLO လှုပ်ရှားတာ မရှိဘူး။ သူက မောက်မယ် ဘက်ဘဲ ရှိတာ။ ကျနော်တို့ ကြားသိသလောက်တော့ ဟိုဘက်အဖွဲ့ကနေ စပစ်တယ်လို့ ပြောတယ်။ အခုတော့ တိုက်ပွဲက ပြန်ငြိမ်သွားပြီး” ဟု ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ပြန်လည် ငြိမ်သက်သွား ပြီဖြစ်ကြောင်း RCSS ဘက်က ပြောသည်။
PNO သည် ၁၉၉၁ ခုနှစ်တွင် တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းယူခဲ့ပြီး နောက်ပိုင်းတွင် ရှမ်းပြည် တောင်ပိုင်းတွင် အထူးဒေသ (၆) အဖြစ် သတ်မှတ်ပေးထားကာ ဌာန ပြည်သူ့စစ်အဖွဲ့အနေဖြင့် ရပ်တည်နေသည့် အဖွဲ့ဖြစ်သည်ဟု သိရသည်။
RCSS ကမူ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။