သတင်း

ချင်း ၃ ပါတီ ပေါင်းထားသည့် CNLD ပါတီ မှတ်ပုံတင်

Want create site? Find Free WordPress Themes and plugins.

ချင်း နိုင်ငံရေးပါတီ ၃ ပါတီ ပေါင်းထားသည့် ချင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (Chin National League For Democracy – CNLD) ပါတီကို တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ပြီးဟု သတင်း ရရှိသည်။

ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်(CLD)၊ ချင်းတိုးတက်ရေး ပါတီ(CPP)နှင့် ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP) ပါတီ (၃)ခုသည် ပေါင်းစည်းရေး ဆိုင်ရာ သဘောတူ စာချုပ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ၂၉ ရက်တွင် ၃ ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ကိုယ်စား ဥက္ကဋ္ဌများက လက်မှတ် ရေးထိုးပြီးနောက် CNLD အမည်ဖြင့် အောက်တိုဘာလ ၁၆ ရက်က မှတ်ပုံတင်ခြင်း ဖြစ်သည်။

CNLD ၏ ပထမ ခေါင်းဆောင် ဦးငိုင်ဆာ့ခ် (CLD) က“ပါတီ တည်ထောင်လိုသူက ဥပဒေ အရ ၁၅ ဦး တင်ရတယ်။ အဲဒီတော့ သုံးပါတီ ဆိုတဲ့ အခါကျ ၁ ပါတီ ၆ ဦးနဲ့ ကော်မရှင်ကို ပေးထားတယ်။ သူတို့ကတော့ လိုက်လံ စစ်ဆေး စုံစမ်းတာ ရှိမယ်။ သူတို့က ဥပဒေနဲ့ ဘောင်ဝင်တယ် ဆိုတဲ့ အစီရင်ခံစာကို သုံးသပ်ပြီးမှ ဆိုတော့ ၂ လ၊ ၃ လလောက် တော့ ကြာဦးမယ် ထင်တယ်”ဟု ဧရာဝတီကို ပြောသည်။

ပါတီ တည်ထောင်ခြင်း ရည်ရွယ်ချက်များ၌ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပြည်ထောင်စု တိုင်းရင်းသားများနှင့် အတူ လက်တွဲဆောင်ရွက်ပြီး ချင်း အမျိုး သား တရပ်လုံး ကို နိုင်ငံရေးအရ ဦးဆောင်မှု ပေးနိုင်ရန် CNLD ကို ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည် ဟုလည်း ၎င်းက ပြောဆိုသည်။

လက်ရှိ အချိန်တွင် CNLD ပါတီတွင် ဥက္ကဋ္ဌ ရာထူးကို ၂၀၂၀ ပြည့်နှစ် အထိ အလှည့်ကျ တာဝန်ယူမည် ဖြစ်ပြီး ကျန်သည့် ရာထူးများ အားလုံးကို ပူးတွဲ တာဝန် ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။

ပါတီဖွဲ့စည်းပုံ စည်းမျဉ်းတွင် ပါတီ ညီလာခံကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ချင်းပါတီ ၃ ခု ပေါင်းစည်းခြင်း အားဖြင့် ချင်းပြည်သူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေနိုင်မည်ဟု ဦးငိုင်ဆာ့ခ်က ဆို သည်။

“အရင်က မတူကွဲပြားမှုတွေက အခု ၁ ပါတီတည်း ဖြစ်တော့ အားကောင်းလာမယ်။ ချင်းပါတီတွေ ပေါင်းစည်းလိုက် ခြင်း အားဖြင့် ပြည်သူလူထုလည်း ရှုပ်ထွေးမှု မရှိတော့ဘူး။ ပါတီတခုကိုပဲ မဲပေးနိုင်တော့ မဲမပြန့်သွားတော့ဘူး”ဟု ၎င်းက ဆက် ပြောသည်။

CNLD ၏ ဗဟို အလုပ် အမှုဆောင်အဖွဲ့ကို ၁ ပါတီလျှင် ၁၃ ဦးဖြင့် ၃၉ ဦး ပါဝင် သည့် ကြီးကြပ်ရေး ကော်မရှင်က သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာများတွင် အလုပ်အမှုဆောင်များ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

CNLD ၏ ပူးတွဲ အထွေထွေအတွင်း ရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် (CNDP) က “ကျနော်တို့ ပါတီရဲ့ မူဝါဒကို ကဏ္ဍ တခုချင်း အလိုက် အသေးစိတ်ကို သက်ဆိုင်ရာ ပညာရှင်တွေနဲ့ စုပေါင်းပြီး ဆပ်ကော် မတီတွေ ကဏ္ဍ အလိုက် ခွဲပြီး တော့မှ ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊ ဘာသာ စကား စသည်အားဖြင့် ပြည်နယ်နဲ့ ကိုယ့်ရဲ့ လူမျိုး သက်ဆိုင် တဲ့ မူဝါဒ တွေကို ကဏ္ဍ အသီးသီး ကျနော်တို့ ဆွဲပြီးတော့မှ တိုးတက်ဖွံ့ဖြိုးမှု ရှိအောင် ဆက်လုပ်သွားဖို့ ရှိတယ်။ ဒါက ကနဦး အနေနဲ့ ပထမဆုံး အကောင်အထည်ဖော်မှာ ဖြစ်တယ်”ဟု ပြောသည်။

ချင်းပြည်နယ်တွင် မျိုးနွယ်စု ပါတီများ ရှိသော်လည်း မြို့နယ် ၁ ခုကို အခြေခံခြင်း ရှိသကဲ့သို့ မြို့နယ်၂ ခု၊ ၃ ခုကို အခြေခံ သည့် ပါတီများလည်း ရှိကြောင်း သိရသည်။

ထိုမျိုးနွယ်စု ပါတီများသည် ချင်းပြည်နယ်၏ မြို့နယ်တိုင်းတွင် မဖွဲ့နိုင်ဘဲ မျိုးနွယ်စု ရှိသည့် နေရာများတွင်သာ ဖွဲ့စည်း နိုင်ကြောင်း၊ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ချင်းပြည်နယ်၏ မြို့နယ်တိုင်းကို လွှမ်းခြုံနိုင်မည် ဖြစ်ကြောင်း ဦးငိုင်ဆာ့ခ်က ပြောသည်။

လာမည့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ချင်းပြည်နယ် မတူပီမြို့တွင် ပြည်နယ် လွှတ် တော် ကိုယ်စားလှယ်နေရာနှင့် ကန်ပက်လက် မြို့နယ်၌ ပြည့်သူ့လွှတ်တော် နေရာတို့ အတွက် CNDP ၊ CPP၊ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ် ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading