သတင်း

ဒေါ်အောင်ဆန်းစုကြည် နေသည့်အိမ် ရောင်းချ ခွဲဝေရန် အစ်ကိုဖြစ်သူ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ဒေါ်အောင်ဆန်းစုကြည် နေသည့် ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှိ ခြံအမှတ် ၅၄ အိမ်ကို လေလံပစ် ရောင်းချ၍ ထက်ဝက်ခွဲပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တောင်းဆိုသည်။

ယင်းအိမ် အမှုနှင့် ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် နေပြည်တော် ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးသို့ အထူးအယူခံ လာရောက် လျှောက်ထားစဉ် ပြောဆိုခြင်း ဖြစ်သည်။

ဦးအောင်ဆန်းဦးက“ကျနော်တို့က လေလံပစ်ပြီး ရတဲ့တန်ဖိုးကို တယောက်တဝက် ခွဲမယ်၊ ဒါအရှင်းဆုံးပဲ။ အဲဒါကို ကျနော်က တောင်းဆိုတာ။ အဲဒါလည်း ဘာမှ မတရားတောင်းဆိုတာ မဟုတ်ဘူး။ ရှင်းရှင်းလေးပဲ။ လေလံပစ်ပြီးတော့ ဘယ်သူက ဘယ်အခြမ်းပါတယ်၊ ဘာမှမဆိုင်တော့ဘူး။ တန်ဖိုးကိုပဲ တယောက်တဝက် ရရင် ပြီးတာပဲ”ဟု ပြောသည်။

ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ယင်းနေအိမ်အား တယောက်တဝက် ခွဲဝေယူရန် အမိန့်ချကာ ၂ ထပ်အိမ်ပါ သည့် အခြမ်းအား ဒေါ်အောင်ဆန်းစုကြည်ကို ရယူစေခဲ့ခြင်း၊ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ တူဖြစ်သူအား မြေနေရာ တချို့ ခွဲဝေပေးရခြင်း တို့ကို မကျေနပ်သည့်အတွက် အထူးအယူခံ လာရောက် လျှောက်ထားခြင်း ဖြစ်ကြောင်း သိရ သည်။

ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအေးလွင်က ယခု အထူးအယူခံကို တရားလွှတ်တော် ချုပ် က ခွင့်ပြုပါက အထူးအယူခံ တရားသူကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ဆန်းဦး နှင့် နှစ်ဖက် ရှေ့နေများ ပါဝါတင်ကာ နှစ်ဖက် အပြိုင် ပြောဆိုစေပြီး ပိုင်ဆိုင်မှု ခွဲဝေမည့်ပုံစံကို ပြန်လည် ဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း ပြော သည်။

ဦးအေးလွင်က“အထူး အယူခံဝင်ဖို့ ခွင့်ပြုပြီဆိုရင် နှစ်ဖက် ကျယ်ကျယ် ပြန့်ပြန့် ကြားနာမယ်။ အခုဟာက ကျနော်တို့ တဖက်သတ်ပဲ ပြောနေတယ်”ဟု အထူး အယူခံဝင်ခွင့် လျှောက်ထားအပြီးတွင် မီဒီယာများသို့ ပြောသည်။

အဆိုပါ နေအိမ် အမွေခွဲဝေမှု ပြဿနာသည် ၂၀၁၁ ခုနှစ်မှစကာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးက အပြီးသတ် အမိန့်ချထားကြောင်း သိရသည်။

မြေအကျယ် ၁ ဒသမ ၉၂၃ ဧကရှိ မိခင်ဒေါ်ခင်ကြည် အမည်ပေါက် ခြံအမှတ် ၅၄ အား နှစ်ထပ် အိမ်နှင့် မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည်၊ တထပ်တိုက်နှင့် မြေတဝက်ကို ဦးအောင်ဆန်းဦးတို့ ခွဲဝေရယူရန် တရားရုံးက ဆုံးဖြတ်ခဲ့ သည် ဟု ဆိုသည်။

၁၉၈၈ ခုနှစ်က ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းချိန်တွင် ပြည်ပရောက်နေသည့် သားသမီး နှစ်ဦးစလုံး ပြန်လာရန် ပြောဆိုသော်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ ပြန်လာပြီး ဦးအောင်ဆန်းဦးသည် ပြန်မလာခဲ့ကြောင်း၊ သမီး ဖြစ်သူ ပြန်ရောက်ချိန်တွင် ဒေါ်ခင်ကြည်က တူဖြစ်သူ ဦးခင်မောင်အေးကို ပေ ၇၀ x ပေ ၁၀၀ မြေနေရာ ပေးအပ် ခဲ့ကြောင်းလည်း သိရသည်။

ဦးခင်မောင်အေးကို ပေးအပ်ခဲ့သည် ဆိုသော ပေ ၇၀ × ပေ ၁၀၀ မြေနေရာနှင့် ပတ်သက်၍လည်း ကန့်ကွက်ထား သည် ဟု ရှေ့နေ ဦးအေးလွင်က ပြောသည်။

အယူခံ တရားပြိုင်အဖြစ် လျှောက်ထားခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်နေသော်လည်း ဥပဒေအတိုင်း မှန်ကန်စွာ ဆုံးဖြတ်မည်ဆိုပါက ရပိုင်ခွင့် အညီအမျှသာ ဖြစ်သင့်ကြောင်း ဦးအောင်ဆန်းဦး က မီဒီယာများသို့ ပြောသည်။

၎င်းက“အပြီးသတ် အမိန့်ကို မကျေနပ်လို့ တောက်လျှောက် တက်တယ်။ ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ် ကနေ ပြည်ထောင်စု တရားလွှတ်တော်ချုပ်။ အဲဒါမလို့ ဒီကိုရောက်လာတာ”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွန့်က ယခု အမှုကိစ္စသည် တရားရုံး ဆုံးဖြတ်ထားပြီးသား ဖြစ်ကြောင်း၊ သို့သော် ဥပဒေနှင့်အညီ ဖြေရှင်း သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ဒေါက်တာ မျိုးညွန့်က“ဥပဒေနဲ့ အညီ ဖြစ်ရမှာပါ။ နိုင်ငံခြားသားဖြစ်တဲ့ ဦးအောင်ဆန်းဦးဟာ တရားစွဲဆိုခွင့် ရတယ် ဆိုကတည်းကိုက ကျနော်တို့ အမြင်မှာတော့ သိပ်ပြီးတော့ မှန်ကန်မှု မရှိဘူးလို့ မြင်ပါတယ်။ သို့သော် အဲ့ဒီအချိန်က ပြင်ဆင်လိုက်တဲ့ တရားစွဲဆိုခွင့် ရလာတယ်။ ဒီဟာက တရားရုံးကလည်း ဆုံးဖြတ်ထားပြီးသား ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ ဥပဒေအရ ရင်ဆိုင် ဖြေရှင်းရမှာပေါ့”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေသည့် တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄ မှာ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်အား ဝန်ကြီး ချုပ်ဟောင်း ဦးနုက ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာဝါလိန်းလမ်း နေအိမ် (ယခု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်) တွင် သားဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့ သည့် ယင်းအဖြစ်ဆိုးအား မေ့ပျောက်နိုင်ရန်အတွက် ဒေါ်ခင်ကြည်နှင့် ကလေးများကို တက္ကသိုလ်ရိပ်သာ လမ်းရှိ ခြံအမှတ် ၅၄ သို့ ဝန်ကြီးချုပ် ဦးနုက ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading