တရုတ်နိုင်ငံသို့ ပြည်တွင်း လယ်ယာထွက်ကုန်များအား တရားဝင် ပိုမို တင်ပို့နိုင်ရန်အတွက် သံရုံးမှတဆင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက “တရုတ်နိုင်ငံအစိုးရကို သံရုံးကနေတဆင့် ကျနော်တို့ဖက်က လယ်ယာထွက်ကုန်တွေပေါ့။ အထူးသဖြင့် ဆန်တို့၊ ပြောင်းတို့၊ ပဲတို့ကို ကိုတာ ပိုပေးဖို့အတွက် ဝန်ကြီးဌာန Level ကနေ လုပ်နေတယ်။ အောက်ခြေမှာတော့ ရွှေလီ ပြည်သူ့အစိုးရတို့၊ ရွှေလီပါတီတို့ ဒါတွေနဲ့ ညိုနေတယ်။ တဖက်မှာလည်း တယ်ဟုန်းပြည်နယ် ပြည်ပရေးရာဌာနတွေနဲ့ ညိုနေတယ်။ ဒါက အောက်ခြေ Level တွေက ညိုနေတဲ့ အခြေအနေ ၂ ခုစလုံး ဖြစ်တယ်”ဟု ဆိုသည်။
တရုတ်နိုင်ငံသို့ မြန်မာဘက်မှ တင်ပို့ကုန်များအပေါ် AQSIQ မူဝါဒဖြင့် ကန့်သတ် ထိန်းချုပ်ထားသည့်အတွက် မြန်မာပြည်မှ လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် အခက်အခဲဖြစ်နေခြင်း ဖြစ်သည်ဟု သိရသည်။
AQSIQ မှာ နိုင်ငံတွင်း တင်သွင်းလာသည့် ဆန် ကဲ့သို့သော လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများအပေး အရည်အသွေး ကြီးကြပ်စစ်ဆေးရေးနှင့် ရောဂါပိုးမွှားများ နိုင်ငံတွင်း ဝင်ရောက်မလာစေရေးအတွက် အရည်အသွေး မမီသည့် ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကန့်သတ်သည့် တရုတ်မူဝါဒကို ဆိုလိုခြင်းဖြစ်သည်။
ဦးရန်နိုင်ထွန်းက “ပထမတချက်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ တရုတ်က သီးနှံတွေနဲ့ ပတ်သက်ပြီး အရည်အသွေးသတ်မှတ်ချက် လုပ်ထားတယ်။ အဲဒီအရ သူ့မှာ ကျူစီ (Quality Control) သတ်မှတ်ခွင့် ရှိတယ်။ ကိုတာ သတ်မှတ်ခွင့်ရှိတယ်။ နောက်တခု ကျနော်တို့နဲ့တင် ဟုတ်ဘူး။ အာဆီယံနဲ့ တရုတ်က free trade ဧရိယာ လက်မှတ် ထိုးထားတဲ့အတွက်ကြောင့်မို့ တနိုင်ငံထဲကိုတော့ ခွဲပြီး ဆောင်ရွက်ပေးခြင်း မရှိဘူး။ တခုနဲ့ တခုက အားလုံးက ချိတ်ဆက်နေတယ်။ တဖက်မှာ တရုတ်က လုပ်ပေးနိုင်တာတွေလည်း လုပ်ပေးနေတာရှိပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “တဖက်မှာ ဘာလို့ ပို့မရလည်းဆိုတော့ ကျနော်တို့ဘက်က ပို့တဲ့ သီးနှံတွေ၊ တချို့တချို့သော လယ်ယာထွက်ကုန်တွေက တရုတ်နိုင်ငံကို ပို့တဲ့အခါမှာ တရုတ်နိုင်ငံရဲ့ သတ်မှတ်ချက် AQSIQ သတ်မှတ်ချက်နဲ့အညီ မဆောင်ရွက်ပေးနိုင်ဘူး။ ဒီအပေါ်မှာ ပြဿနာရှိတာပဲ။ သူက AQSIQ စစ်ဆေးပြီးတော့မှ လက်ခံတဲ့အခါမှာ ကျနော်တို့ဘက်က အမျိုးအစား အရည်အသွေးတွေ မကိုက်ညီတဲ့ဟာတွေ ရှိလာတဲ့အခါမှာ ပို့လို့မရဘူး” ဟု ရှင်းပြသည်။
တရုတ်ဘက်မှ မြန်မာပြည်မှ ကုန်ပစ္စည်းများအပေါ် ကန့်သတ်ခြင်းများ ထားရှိသော်လည်း ကုန်ပစ္စည်းအများစုမှာ နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်မှတဆင့် ပုံမှန် ရောင်းဝယ်မှုများ ရှိနေပြီး တရုတ်ဘက်မှ ကန့်သတ် တားဆီးမှုများ ရှိလာသည့်အခါကျမှသာ ကုန်သွယ်မှု ရပ်ဆိုင်းခြင်းတို့ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်ကလည်း တရုတ်ဘက်မှ ဖမ်းဆီးမှုများ လုပ်ဆောင်သည့်အတွက် မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့တွင် ကုန်သွယ်မှု အနည်းငယ်သာ အလုပ်ဖြစ်ပြီး ကုန်သွယ်မှု လုံး၀ ရပ်ဆိုင်းနေခြင်းမှာ ခြောက်ရက်ခန့် ရှိပြီ ဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) လက်အောက်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဦးလှဦးက “အခု ရက်ပိုင်းတော့ ကုန်သွယ်မှု နည်းနည်း ရပ်နေတာပေါ့။ ရပ်ရတဲ့အ ကြောင်းတရားကတော့ အများကြီးပေါ့။ တခုကတော့ ပြောင်းဖူးပေါ့နော်။ ဒီအချိန်မှာ တရုတ်ပြည်က ပြောင်းဖူးပေါ်တဲ့အချိန်ဆိုတော့ အခုလို ဖြစ်တတ်ပါတယ်။ ၂ လလောက် ကုန်သွယ်မှု ရပ်တန့်တာတော့ မဖြစ်နိုင်ပါဘူး။ ကျနော် ထင်တာ ၁၀ ရက်၊ ၁၅ ရက် အကြာဆုံး အဲဒီလောက်ပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “အမှန်ကတော့ ကုန်သွယ်မှုလုပ်တဲ့ လမ်းကြောင်းလေးကို ဟိုဘက်ကနေ လာစောင့်နေတဲ့ သဘောပေါ့။ အဲဒီတော့ ကုန်ပစ္စည်းက တရုတ်ဘက်ကို သွားမရတော့ဘူးပေါ့။ အဲဒီလိုဖြစ်တာ။ အရမ်းအကြာကြီးတော့ မဖြစ်ပါဘူး။ အရင်တုန်းကလည်းဖြစ်တတ်ပါတယ်။ သွားမရဘူးဆိုတာ့တော့ ၁၀ ရက်လောက်ပဲ ရှိပါသေးတယ်။ လုံး၀ သွားမရတာက ၄၊ ၅၊ ၆ ရက် လောက်ရှိပြီ”ဟု ဆိုသည်။
တရုတ်နိုင်ငံမှာ ပြည်တွင်းလိုအပ်ချက် ရှိသည့် ကုန်ပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် တင်သွင်းခွင့် ပေးထားသော်လည်း ယင်းကုန်ပစ္စည်းများ ပြည်တွင်း၌ ထွက်ရှိသည့် ကာလတွင်မူ နယ်စပ်ကုန်သွယ်မှုကို ကန့်သတ်လေ့ ရှိသည်ဟု သိရသည်။
“ဒီဘက်က မဝင်တော့ သူတို့လည်း သီးနှံဈေးကောင်းရတာပေါ့။ သူတို့ ရိတ်သိမ်းပြီးတဲ့အချိန်ကျရင်တော့ ပြန်ဝယ်ပါတယ်။ ဒါက မျှတော့ မျှတပါတယ်။ သူတို့လည်း သူတို့ဘက်က တောင်သူအကျိုးစီးပွားကို ကြည့်တာဖြစ်တယ်” ဟု ဦးလှဦးက ပြောသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၇ ခု ရှိသည့်အနက် တရုတ်နှင့် ကုန်သွယ်မှုအတွက် ရှမ်းပြည်နယ်ရှိ မူဆယ် ၁၀၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၊ ကချင်ရှိ လွယ်ဂျယ်နှင့် ကန်ပိုက်တီ စခန်းတို့ ရှိပြီး မူဆယ်မှာ ကုန်သွယ်မှု ပမာဏအများဆုံးနှင့် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန် ဖြစ်သည်။
မူဆယ် ကုန်သွယ်ရေးဇုန် တခုတည်းပင် နှစ်စဉ် ပျမ်းမျှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀၀ ကျော် ရှိသည်ဟု သိရသည်။
လားရိူး ပြောင်း၊နှမ်း၊ ပဲကုန်စည်ဒိုင် ရုံးအုပ်ကြီး ဦးသိန်းဝင်းက “တရုတ်ဘက်ကလည်း ပြောင်းတို့၊ သကြားတို့ ဆန်တို့ကို အခု အဖမ်းအဆီးပေါ်နေတယ်။ ဒီတခါ အဖမ်းအဆီးက ကာလကြာမယ်လို့ ကြားတယ်။ ခါတိုင်းတော့ ၁ လလောက်နဲ့ ပြီးတယ်။ ဒီတခါတော့ ၂ လ၊ ၃ ကြာနိုင်တယ်လည်း နယ်စပ်ကုန်သည်တွေက ခန့်မှန်းကြတယ်။ အသေအချာတော့ ပြောလို့ မရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။