ဆွစ်ဇာလန်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် တပ်မတော် ထိပ်တန်း အရာရှိ ၇ ဦး နှင့်၎င်းတို့၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် ခရီးသွားလာမှု ပိတ်ပင်ခြင်းတို့ ချမှတ်ထားပြီး ဖြစ်သည်ဟု စီးပွားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခု အရေးယူမှုများတွင် ဆက်သွယ်ရေးစနစ်များ စောင့်ကြည့်ရာတွင် သုံးနိုင်သည့် ကိရိယာ၊ နည်းပညာနှင့် ဆော့ဖ်ဝဲလ်များ အပါအဝင် ဖိနှိပ်မှုတွင် သုံးနိုင်သော စစ်ဘက်ဆိုင်ရာပစ္စည်းများ ပိတ်ပင်ခြင်းကို ပိုမို တင်းကျပ်လိုက်ခြင်း လည်း ပါဝင်သည်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့် ဥရောပသမဂ္ဂက လုပ်ဆောင်နေပြီးဖြစ်သော လမ်းကြောင်းနှင့် အညီ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
သတင်းထုတ်ပြန်ချက်တွင် “ထိုသူများ၏ ငွေများနှင့် စီးပွားရေးရင်းမြစ်များ ထိန်းသိမ်းထားပြီး စီးပွားရေးဝန်ကြီးဌာနသို့ နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ အစီရင်ခံရမည်” ဟု ပါရှိသည်။
မြန်မာတပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ကျယ်ပြန့်စနစ်ကျပြီး ဆက်လက် ကျူးလွန် ဖြစ်ပွားနေဆဲ ဖြစ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကြောင်းနှင့် ဆိုးရွားနေသော လူ့အခွင့်အရေး အခြေအနေကို စိုးရိမ်ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု များအတွက် မြန်မာတပ်မတော်အကြီးအကဲနှင့် အခြားအရာရှိ ငါးဦးကို နိုင်ငံတကာက စုံစမ်းစစ်ဆေး အရေးယူရန် ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးသူများက စက်တင်ဘာလတွင် တောင်းဆိုထားသည်။