မန္တလေး ခရိုင်၊ မဟာအောင်မြေ မြို့နယ်တွင် လူငယ်၂ ဦးအား ဓားပြီး ထွက်ပြေး သွားသည့် တက္ကသိုလ် ကျောင်းသားများ ကို ဖမ်းဆီးရမိထားကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၅ ရက် ည ၁၀နာရီခန့်က တက္ကသိုလ် ကျောင်းသား ထက်လွင်မိုးခန့်၊ ဇင်မင်းသူနှင့် မြတ် ဘုန်းစံတို့ ၆၉ လမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်လာစဉ် သိပ္ပံလမ်းထောင့်တွင် အမျိုးသား ၅ ဦးက ဆိုင်ကယ် ၃စီးဖြင့် ကျော်တက်သွားပြီး ဆဲဆိုခဲ့၍ ပြန်လည် ဆဲဆိုခဲ့ကြောင်း၊ ၇၃လမ်း မီးပွိုင်အရောက်တွင် ၎င်းအမျိုးသား ၅ဦးက ဆိုင်ကယ် များကို ရပ်ခိုင်း၍ အမျိုးသား ၁ ဦးမှ အသင့်ပါလာသည့် ဓားနှင့် ထိုးရာ မြတ်ဘုန်းစံ၌ ဝဲနံဘေး ထိုးသွင်းဒဏ်ရာ၊ ဇင်မင်းသူ ၏ ယာလက် ခလယ်/လက်ညှိုး ပြတ်ရှ၊ ဝမ်းဗိုက် ဝဲဘက် ထိုးသွင်း ဒဏ်ရာ များရရှိခဲ့သဖြင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရသည်။
မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က “ဒီဖြစ်စဉ်က တဖွဲ့နဲ့ တဖွဲ့ ဆဲဆိုစကားများရာကနေ ဖြစ်ခဲ့တာပေါ့။ ဓားနဲ့ ထိုးခံရတဲ့အဖွဲ့နဲ့ ကျုးလွန်သူတွေက ရန်ငြိုးရန်စ ရှိတာမျိူးကြောင့် မဟုတ်ဘဲနဲ့ အပြန်အလှန် ဆဲဆိုကြတော့ ဒေါသ အလျောက် ဖြစ်သွားတာပါ။ အခုတော့ တရားခံတွေကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးရမိထားသော တရားခံ ၄ ဦးမှာ တက္ကသိုလ် ကျောင်းသားများ ဖြစ်ပြီး ပြည့်ဖြိုးအောင် နောက်ဆုံးနှစ်(IR)၊ ရဲထွန်း လင်း (၂၂ နှစ်) တတိယနှစ် (ဘူမိ ဗေဒ)၊ နေဦးလှိုင် (၂၂ နှစ်) နောက်ဆုံးနှစ် (သင်္ချာ)၊ သော်ဇင်လတ်(ခ)ဘိုကီး (၂၁) နှစ် (ပနှစ်-ပထဝီ)တို့အား အခင်းဖြစ်ချိန်က အသုံးပြုခဲ့သည့် အရိုး အသွား ၉ လက်မကျော်ရှိ မောင်းချဓား ၁ ချောင်းနှင့် အခင်း ဖြစ်စဉ် စီးနင်းခဲ့သည့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်အား မဟာအောင်မြေ မြို့မရဲစခန်းတွင် အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၁၁၄ အရ ကနဦး အမှု ဖွင့်လှစ်ခဲ့ပြီး ဒဏ်ရာရရှိသူ မြတ်ဘုန်းစံမှာ သေဆုံးသွားသဖြင့် လူသတ်မှု ပုဒ်မ ၃၀၂/၃၂၆/၁၁၄ တို့နှင့် ပြောင်း လဲ အမှုဖွင့်ခဲ့ကြောင်း သိရသည်။