အိမ်အကူ မကရင်မအမှုတွင် တရားလိုပြသက်သေ ၂ ဦးမှာ သံသယတရားခံ ဒေါ်သိင်္ဂီစု၏ အိမ်နီး ချင်းများ ဖြစ်နေ ၍ ယနေ့ရုံးချိန်တွင် တရားလိုပြသက်သေစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း သိရ သည်။
ယခင် ရုံးချိန်းတွင်လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့မှ တရားလိုပြ သက်သေ ၁ ဦးကိုလည်း ထုတ် ပယ်ခဲ့ရာ တရားလိုပြ သက်သေ ၂၉ ဦးတွင် ၂၆ ဦးသာ ကျန်ရှိတော့မည် ဖြစ်သည်။
တရားလို ရှေ့နေ ဒေါ်စန်းစန်းမြင့်က “သက်သေ ၂ ဦး က ထောက်ကြံ့ပေါ့။ ဒေါ်သိင်္ဂီစု အိမ်နီးနားချင်း တွေကို စစ်ဖို့ ဖြစ် တယ်။ ဒါပေမယ့် ပြင်ပသတင်းတချို့ ရထားတဲ့ အနေအထားအရ ဒီသက်သေတွေ ကို တရားလိုဘက်ကနေ စစ်မယ်ဆိုရင် အကျိုးမရှိဘူးလို့ ယူဆတဲ့အတွက် တာဝန်ခံ ဥပဒေ အရာရှိနဲ့ ညှိနှိုင်းပြီးတော့ အဲဒီသက်သေ ၂ ယောက်ကို တရားဝင် ပယ်လိုက်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သံသယတရားခံ ဒေါ်သိင်္ဂီစုကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် သံလျင်မြို့နယ် တောင်ပိုင်းခရိုင် တရားရုံး၌ ၁၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်း ဖြစ်ပြီး လာမည့် ရုံးချိန်းကို နိုဝင်ဘာလ ၁ ရက်တွင် ပြန်လည်ချိန်းဆိုလိုက်သည်။
ယခင် စစ်ဆေးခဲ့သည့် တရားသူကြီး သက်ပြည့်ပင်စင် ယူသွားသည့်အတွက် အမှုကို ယနေ့ရုံးချိန်မှ စတင်ကာ တရားသူကြီး ပြောင်းလဲ စစ်ဆေးခဲ့သည်။
တရားသူကြီးပြောင်းလဲသည့်အတွက် ခရိုင်တရားသူကြီးမှ သံသယတရားခံ ဒေါ်သိင်္ဂီစု၏ သဘော ထား မေးမြန်းပြီးနောက် အမှုကို ရောက်ရှိသည့် အဆင့်ကပင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
တရားသူကြီး အပြောင်အလဲနှင့် ပတ်သက်ပြီး တရားလို ရှေ့နေဒေါ်စန်းစန်းမြင့်က “တရားသူကြီးသည် Justice (တရားမျှ တခြင်း) ဖြစ်ရမယ်။ ဘယ်သူ့ကိုမှ အခွင့်အရေး မပေးဘဲနဲ့ မှန်မှန်ကန်ကန်နဲ့ ပြတ်ပြတ်သားသားလည်း ညွှန်ကြားချက် ပေးတယ်။ အခုတော့ အဲဒီလို အနေအထားမျိုးကို မြင်ရ တယ်။ ဒီနေ့ အနေအထားကို အားရကျေနပ်ပါတယ်” ဟု ဆိုသည်။
ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာရှိ တပ်မတော် အရာရှိ တဦး နေအိမ်၌ အိမ် အကူ အဖြစ် မကရင်မမှာ ဝင်ရောက် လုပ်ကိုင်နေရာမှ နှိပ်စက်ခံရမှုကြောင့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် သံသယ ရှိသူ အဖြစ် အရာရှိကတော် ဒေါ်သိင်္ဂီစုကို ဖမ်းဆီးခဲ့ပြီးနောက် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်သတင်းများ
သေဆုံးသူ မကရင်မ ကိုယ်ခန္ဓာတွင်ဒဏ်ရာများတွေ့ကြောင်း တရားလိုသက်သေထွက်ဆို
အိမ်အကူ မကရင်မသေဆုံးမှု အမှုစစ်ဆေးဆဲတွင် တရားသူကြီး ပြောင်းလဲ
အိမ်အကူမကရင်မ သေဆုံးမှု အရာရှိကတော်ကို ပုဒ်မ ၃၀၂ ဖြင့် အမှုစွဲတင်