Eleven Media Group မှ သတင်းသမား ၃ ဦး အမှုနှင့် ပတ်သက်၍ သတင်းမီဒီယာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ကို လမ်းညွှန်မှု ပြုကြောင်း သိရသည်။
Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း (ဆောင်းပါးရှင်) တို့ကို တရားစွဲဆိုထားရှိမှု အခြေအနေ တင်ပြ လာသည့် အပေါ်တွင် နိုင်ငံတော် သမ္မတက ယင်းကဲ့သို့ လမ်းညွှန်မှု ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ လမ်းညွှန်မှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကလည်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။
ဦးဇော်ဌေးက“တိုင်းဒေသကြီး အစိုးရကနေပြီးတော့ ကျနော်တို့ လူကြီးတွေကို အဲဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြတယ်။ တင်ပြတဲ့ အပေါ်မှာ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးကနေပြီးတော့ နိုင်ငံတော်သမ္မတ ဆီကို လမ်းညွှန်မှုခံတယ်။ နိုင်ငံတော် သမ္မတရဲ့ လမ်းညွှန်မှုကို တိုင်းဒေသကြီး အစိုးရကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက ပြန်ပြီးတော့ လမ်းညွှန် တာ။ အဓိက တရားစွဲတဲ့ဟာနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်လို လုပ်ရမယ်ဆိုတဲ့ လမ်းညွှန်မှု ထုတ်ထားတာ”ဟု ဧရာဝတီကို ပြောပြ သည်။
သမ္မတ လမ်းညွှန်မှုတွင် (က) သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၁ အရ နစ်နာသောအဖွဲ့အစည်း၊ ဌာန (သို့) ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသို့ တိုင်ကြားရန်၊ (ခ) ယင်းဥပဒေ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီသည် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်း ဖြေရှင်းပေးရန်၊ (ဂ) ယင်းဥပဒေ ပုဒ်မ ၂၃ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ (သို့) ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် ဟူ၍ ပါရှိကြောင်းလည်း သိရသည်။
ထိုကဲ့သို့ လမ်းညွှန်မှု ပြုခဲ့ပြီးနောက် Weekly Eleven တွင် ဖော်ပြပါရှိခဲ့သော ဆောင်းပါးနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်း မီဒီယာ ကောင်စီသို့ အောက်တိုဘာ ၁၈ ရက်တွင် လာရောက် တိုင်ကြားခဲ့သည်။
Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် သတင်း ထောက်ချုပ် ကိုဖြိုးဝေဝင်း တို့သည် သတင်းမီဒီယာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င) (ဆ) (ဈ) ပါ သတင်း မီဒီယာသမား တဦး၏ တာဝန်နှင့် ကျင့်ဝတ် စည်းကမ်းများကို ချိုးဖောက်သည့် အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးရန် တိုင်ကြားခဲ့သည် ဟု သတင်းမီဒီယာ ကောင်စီ၏ တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က“Eleven က အဖမ်းခံပြီး တရက်ကတည်းက ကောင်စီကို စာပို့ အကူညီ တောင်းထားတယ်။ ကြားဝင်ဖြေရှင်းပေးဖို့အတွက်။ အဲဒါနဲ့ ဒီနေ့ကို တိုင်းအစိုးရဘက်ကို စာပို့ပြီး ဖိတ်ထားတာ။ ဒီနေ့ လာတော့ သူတို့ကလည်း တိုင်ကြားစာပေးတယ်”ဟု ဧရာဝတီကို ပြောသည်။
တဖက်တွင်လည်း ဦးအောင်ကျော်ခိုင်က တရားလိုပြုပြီး အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီ တာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တာမွေမြို့ နယ် တရားရုံးတွင် အောက်တိုဘာ ၁၀ ရက်နေ့က တရားစွဲဆိုထားရာ ၎င်းတို့ ၃ ဦးသည် အချုပ်ဖြင့် တရား ရင်ဆိုင် လျက် ရှိသည်။
အထက်ပါကိစ္စနှင့် ပတ်သက်၍ ဦးမြင့်ကျော်က“လောလောဆယ် အမှုကလည်း မရုပ်သိမ်းရသေးဘူး ဆိုတော့ ဘယ်လို ဖြေရှင်း ဆောင်ရွက်မလဲ ဆိုတဲ့ နည်းလမ်းတော့ မပြောတတ်သေးဘူး။ တကယ် ဖြေရှင်းလို့ ပြေလည် စေချင်တယ် ဆိုရင်တော့ သူတို့ အမှုကို ရုပ်သိမ်းပြီးတော့ ဆောင်ရွက်ရမယ့် သဘောရှိတယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ၎င်းက သတင်းမီဒီယာ ကောင်စီအနေဖြင့် Eleven မှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားသွားပြီး နှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း၊ တဖက်မှ အမှုပိတ်သိမ်းရေး မပိတ်သိမ်းရေးကိုမူ မသိရှိသေး ကြောင်းလည်း ရှင်းပြသည်။
အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် ဖြိုးဝေ ရေးသားထားသော “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ် သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးပါ အချက်အလက်တချို့ နှင့် ပတ်သက်၍ အောက်တိုဘာ ၉ ရက်တွင် ဦးအောင်ကျော်ခိုင်က တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုနေ့ ညပိုင်းတွင်ပင် Eleven Media Group ရုံးသို့ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဝရမ်းဖြင့် လာရောက် ဖမ်းဆီးခဲ့ကြရာ ရုံးချိန် ပြင်ပဖြစ်နေ၍ အမှုဖွင့် ခံထားရသူများကို မတွေ့ရှိခဲ့ကြောင်း၊ အမှုဖွင့် ခံရသူ ၃ ဦးက အောက်တိုဘာ ၁၀ ရက် နံနက် ပိုင်း တွင် တာမွေ မြို့မရဲစခန်း သို့ ကိုယ်တိုင်လာရောက် အစစ်ခံခဲ့ကြောင်း သိရသည်။
ထို့နောက် တာမွေမြို့နယ် တရားရုံး၌ ရုံးချိန်းရမန်ယူ၍ အင်းစိန် အကျဉ်းထောင်သို့ ချက်ချင်း ပို့ဆောင်ခံရပြီး အောက်တို ဘာ ၁၇ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှု ပြုလုပ်ခဲ့ကာ နောက်ရုံးချိန်းကို အောက်တိုဘာ ၂၆ ရက်သို့ ချိန်းဆိုထားသည်။
တိုင်းအစိုးရအဖွဲ့ အနေဖြင့် Eleven ဂျာနယ် ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာ ကောင်စီသို့ ဦးစွာ တိုင်ကြားမှု ပြု လုပ် နိုင်သော်လည်း ယင်းသို့ မပြုလုပ်ဘဲ ပုဒ်မ ၅၀၅(ခ)ဖြင့် တိုက်ရိုက် တရားစွဲဆိုခဲ့ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် Eleven Media Group ရုံးပေါ်အထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းတို့ အပေါ် သတင်းမီဒီယာ အသိုင်း အဝိုင်းကြား ဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။