ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မိမိသဘောဆန္ဒအရ ပြန်လာသူများ နှင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်သူ ဘင်္ဂါလီ ဒုက္ခသည် ၁၇၀ ကျော်ကို ၎င်းတို့ ဆွေမျိုးသားချင်းများ ရှိသည့် ကျေးရွာများ၌ ပြန်လည် နေရာချထားပေးကြောင်း သိရသည်။
ထိုသူများသည် မောင်တော အကြမ်းဖက်မှု ဖြစ်စဉ်အပြီး တဖက်နိုင်ငံသို့ သွားရောက် နေထိုင်ပြီးနောက် မိမိ သဘော ဆန္ဒ အရ ပြန်ဝင်လာသူများနှင့် တရားမဝင် ပြန်လည် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာ သူများ ဖြစ်ကာ အမျိုးသား ၁၀၆ ဦး၊ အမျိုးသမီး ၇၁ဦး၊ စုစုပေါင်း ၁၇၇ ဦး ဖြစ်ကြောင်း မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောသည်။
၎င်းက“ကျနော်တို့ဆီကို ပြန်ဝင်လာတာ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက စဝင်တာ အားလုံး ၁၇၇ ဦး ရှိပါပြီ။ သူတို့ကို တော့ အနီးစပ်ဆုံး ဆွေမျိုးရှိတဲ့ ရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် ပြန်ပို့ပေးပါတယ်။ အိမ်ရှိသူတွေဆိုရင် လည်း သူတို့ရဲ့ မူလအိမ်တွေမှာ ပြန်ချထားပေးပါတယ်”ဟု ဧရာဝတီကို ပြောပြသည်။
အဆိုပါ ဘင်္ဂါလီဒုက္ခသည် ၁၇၇ ဦးမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၄ ရက်တွင် မိမိသဘော ဆန္ဒအရ ပြန်လာသူ ၅ ဦး၊ မေလ ၂၆ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ ၆၂ ဦး၊ ဇွန်လ ၁၇ ရက်တွင် လှေပျက်၍ ဝင်ရောက်လာသူ ၉၂ ဦး၊ ဇူလိုင်လ ၂၁ ရက်တွင် မိမိသဘောဆန္ဒအရ ပြန်လာသူ ၆ ဦး၊ စက်တင်ဘာလ ၄ ရက်တွင် ၆ ဦးနှင့် အောက်တိုဘာလ ၁၀ ရက်တွင် ၆ ဦးတို့ ဖြစ်သည်ဟု ဆိုသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ ၆၂ ဦးသည် အရေးအခင်းကြောင့် တဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများ ဖြစ်ပြီး ဆက်လက် မနေထိုင်လို၍ တရားမဝင် ပြန်လည် ဝင်ရောက်လာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကျခံရသော ပြစ်ဒဏ်များကို နိုင်ငံတော် သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း မေလ ၂၇ ရက်နေ့ က ထုတ်ပြန် ကြေညာခဲ့သည်။
မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဦးအဏ္ဏဝါက“ဒီလအတွင်းက ပြန်ဝင်လာတဲ့ လူတွေ က ကြိမ်ချောင်းကျေးရွာကပါ။ သူတို့ အခု မောင်နီရွာမှာ နေထိုင်ကြတယ်လို့ သိရပါတယ်။ စားရေး သောက်ရေး ကို လည်း အစိုးရနဲ့ UN အဖွဲ့အစည်းတွေ ကူညီပေးထားလို့ အဆင်ပြေကြတယ်လို့ ပြောပါတယ်”ဟု ဧရာဝတီကို ပြော သည်။
အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် တဖက်နိုင်ငံသို့ ဝင်ရောက်သွားသူများ ပြန်လည် ဝင်ရောက်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ အစိုးရက ကြိုးပမ်းနေသော်လည်း လက်ရှိ အချိန်အထိ ဒေသ အာဏာပိုင်များကို တရားဝင် အကြောင်း ကြားစာများ ရောက်ရှိ မလာသေးကြောင်းလည်း သိရသည်။
ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူးက“အပြင်မှာတော့ လူ ၄၀၀၀ ဝင်လာဖို့ ရှိတယ်၊ ၆၀၀၀ ဝင်မယ်ဆိုပြီး ပြောကြတာတော့ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ဆီကိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူး”ဟု ဆိုသည်။
ပြန်ရောက်လာသည့် ဘင်္ဂါလီဒုက္ခသည်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက နိုင်ငံသား စိစစ်ခံမည့်သူ၏သက်သေခံ ကတ်ပြား (NVC) များ ထုတ်ပေးထားကာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ကလည်း စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီပေးထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း NVC ကတ်များကို ၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်က စတင်ထုတ်ပေးခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက်အထိ အမျိုးသား ၆၀၉၇ ဦးနှင့် အမျိုးသမီး ၃၀၇၆ ဦးကို ထုတ်ပေးပြီ ဖြစ်သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက် တွင် အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့ အကြမ်းဖက်မှု ဖြစ်ပွားစဉ် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် စသည့် တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင် ဒေသခံများ သောင်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ဘင်္ဂါလီ ကျေးရွာသား အမြောက်အမြားလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ဝင်ရောက်သွားသူများအား ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက် စာချုပ်အတိုင်း လက်ခံ ရန် နှစ်နိုင်ငံ အစိုးရဆွေးနွေး သဘောတူခဲ့သည့်အတွက် မြန်မာအစိုးရက ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက မောင်တော မြို့တွင် ပြန်လည်လက်ခံရေးစခန်း ၂ ခု ဖွင့်လှစ်ထားသည်။
ကုန်းလမ်းမှ ဝင်ရောာက်လာသူများကို တောင်ပြိုလက်ဝဲစခန်းနှင့် ရေလမ်းမှ ဝင်ရောက်လာသူများကို ငခူရစခန်းတွင် စိစစ်လက်ခံပြီး ၎င်းတို့ကို လှဖိုးခေါင် ကြားစခန်း၌ ခေတ္တယာယီထားရှိကာ ပြန်လည် နေရာချထားပေးမည်ဟု အစိုးရ က ထုတ်ပြန်ထားသော်လည်း နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဝင်ရောက်လာသူများ မရှိသေးကြောင်း သိရသည်။