နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန်တွင် မြစ်ကြီးနားမြို့သို့ နေ့ခြင်းပြန် ခရီး သွား ရောက်ကာ မူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးဌာနကို ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိကြောင်း ပြည်နယ်လွှွှတ်တော် ဒုဥက္ကဋ္ဌထံမှ သိရသည်။
ယင်း မူးယစ်ဆေးစွဲ ပြန်လည် ထူထောင်ရေးဌာနကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်း၏ အလှူငွေဖြင့် တည် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးဒိန်ခမ်ဖုန် ခေါ် ဦးခန်လင်က ပြောသည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ မိခင်ကြီး ဒေါ်ခင်ကြည် အထိမ်းအမှတ်အဖြစ် ၂၀၁၂ ခုနှစ်ကစတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။
မူးယစ် ဆေးစွဲခြင်းသည် ကချင်ပြည်နယ်တွင် အဓိကပြဿနာ တခုဖြစ်ပြီး ဒေသခံလူထု အခြေပြုအဖွဲ့ အစည်းများနှင့် ဘာသာရေး ခေါင်းဆောင်များ အဆိုအရ လူငယ်များ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးစွဲနေကြောင်း ခန့်မှန်းထားသည်။
Three Millennium Development Goal Fund (3MDG) ၏ အဆိုအရ ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း မူးယစ်ဆေး စွဲသူ တိုးလာသည်ဟု သိရသည်။မြန်မာနိုင်ငံတွင်ကချင်ပြည်နယ် သည်HIV ကူးစက်မှုနှုန်း လည်းအမြင့်ဆုံး ဖြစ်ပြီး ၂၈.၅ ရာခိုင်နှုန်းရှိသည်။
“ခရီးစဉ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မြစ်ကြီးနားက အင်ဂျန်ဒုံ စစ်ဘေးရှောင် စခန်းကို လည်း သွားမှာ” ဟု ဦးဒိန်ခမ်ဖုန်က ပြောသည်။
ထိုစခန်းမှ စစ်ဘေးရှောင်များသည် ၂၀၁၁ခုနှစ်မှ စတင်ပြီး မကြာခဏဖြစ်ပွားနေသည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား တိုက်ပွဲများကြောင့် မြစ်ကြီးနား ဝန်းကျင်ဒေသများ မှ တိမ်းရှောင်လာသူများ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄-၁၆ ခုနှစ် ကာလအတွင်းက ရေလွှမ်းမိုးမှုများ ကြောင့် ကချင် ပြည်နယ် အနှံအပြားမှ နေရပ်စွန့်ခွာခဲ့ရသော ကျောင်းသားများနှင့် တွေ့ဆုံရန် မြစ်ကြီးနားရှိ ဘော်ဒါ ကျောင်းသို့ သွားရောက်ရန် ရှိပြီး ဝိုင်းမော်ရှိ ဘုန်းကြီးကျောင်းတကျောင်းသို့ လည်းသွားရောက် မည်ဖြစ်သည်။
ယခုခရီးစဉ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယအကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်ဖြစ်သည်။
ပထမအကြိမ် ခရီးအတွင်းက ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် အကြောင်း ဆွေးနွေးခဲ့ပြီး ဒေသခံလူမှု အခြေပြုအဖွဲ့အစည်းများ၊ ကချင်စစ်ဘေး ရှောင်များနှင့် တွေ့ဆုံကာ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်သော ၂၁ရာစု ပင်လုံညီလာခံတွင် ပါဝင်ကြရန်တိုက်တွန်းခဲ့သည်။
စစ်ဘေးဒုက္ခသည်များကို ကူညီနေသော လူထုအခြေပြု အဖွဲ့အစည်းများ၏ အဆိုအရ ကချင်ပြည်နယ် တွင် ဖြစ်ပွား နေသော တိုက်ပွဲများကြောင့် လူ ၁သိန်း ၃သောင်းခန့် နေရပ်စွန့်ခွာခဲ့ရသည် ဟုသိရ သည်။
မေလကလည်း တပ်မတော်က KIA ကိုထိုးစစ်သစ်ဆင်သောကြောင့် လူ၆၀၀၀ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။
ယခုခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေး နွေးရန် စီစဉ်ထားခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟို အလုပ်အမှုဆောင်နှင့် လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ထိုခရီးစဉ်ကိုပြည်နယ်အစိုးရကလွန်ခဲ့သောအပါတ်တည်းက စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးသည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဌာနမှ တဆင့် စစ်ဘေးရှောင်များအတွက် ကျပ်သန်း၃၀၀လှူဒါန်းခဲ့သည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းထောက် နန်းလွင်ရေးသားသည့် Daw Aung San Suu Kyi to Open Drug Rehab Center in Myitkyina ကို ဘာသာပြန်သည်။