နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် ၎င်းတို့သဘောတူထားသော ကျင့်ဝတ်များကို လိုက်နာရန် လိုကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက အလေးအနက် ပြောကြားလိုက်သည်။
မဲဆွယ်ပွဲ၏ ပထမ ၅ ပတ်ကြာကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ် အဖွဲ့တို့သည် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ် ၁၂ ခုမှ မဲဆွယ် လူထုစုဝေးပွဲ ၁၅၀ ကို လေ့လာစောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် မန္တလေးတိုင်းမှ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ခြင်း မရှိပေ။
၎င်းတို့ သွားရောက်ခဲ့သော မဲဆန္ဒနယ် ၁၂ ခုမှ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အဓိက အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တခြား နိုင်ငံရေးပါတီငယ်များနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ၄၃ ဦးကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု ရန်ကုန်တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မဲဆွယ် ပြောကြားသူများသည် တခြားသောအုပ်စုများ၊ တသီးပုဂ္ဂလများကို လူမျိုး၊ ဘာသာနှင့် ကျားမခွဲခြား ပုတ်ခတ် ဝေဖန် ပြောဆိုသည့် မဲဆွယ်ပွဲ ခြောက်ပွဲ ကြုံတွေ့ခဲ့ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသော်လည်း မည်သို့ပြောသည်၊ မည်သူက ပြောသည် စသည့် အသေးစိတ်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။
“ခြောက်ပွဲလောက်ပဲ ဆိုတော့ မများလှဘူး။ ဒါပေမယ့် လုံး၀ မရှိရင် ပိုကောင်းတာပေါ့။ မဲဆွယ်ပွဲက မပြီးသေးတော့ ပါတီတွေအနေနဲ့ ကျင့်ဝတ်လိုက်နာဖို့ အရေးကြီးတယ်” ဟု PACE မှ အစီအစဉ်မန်နေဂျာ ကိုဟန်စိုးထွန်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် ကျင့်ဝတ်များကို ၂၀၁၅ ခုနှစ် ဇွန်လက လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့ ပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် ကျင့်ဝတ်နှင့်အညီ မဲဆွယ်မည်ဟု ကတိပြုခဲ့ကြသည်။ စည်းကမ်း ဖောက်ဖျက်သော အပြုအမူများတွင် လူမျိုး၊ ဘာသာကို ခွဲခြားဆက်ဆံသော စကားများနှင့် ယှဉ်ပြိုင်မှုကို ပုတ်ခတ်ပြောဆိုခြင်းတို့ ပါဝင်သည်။
အောက်တိုဘာလ ၇ ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် တသီးပုဂ္ဂလများက စုစုပေါင်းတိုင်စာ လေးစောင်ကို ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ခွဲသို့ ပေးပို့ ထားကြောင်းလည်း လေ့လာသူများက ပြောကြသည်။
တိုင်ကြားမှုများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ မဲဆွယ် ပစ္စည်းများ ဖျက်ဆီးခံရခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို အသုံးပြုခြင်းနှင့် ကျေးရွာလူကြီးတဦးက ကိုယ်စားလှယ်လောင်းကို စော်ကားခြင်းတို့နှင့် ပတ်သက်သည်။
ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ကျင့်ဝတ်များကို လိုက်နာရန်နှင့် ရွေးကောက်ပွဲ မတိုင်မီနှင့် နောက်ပိုင်း အငြင်းပွားမှုများကို ပြည်နယ်နှင့် တိုင်းများတွင် ဖွဲ့စည်းထားသည့် ကြားဝင်ဖြန်ဖြေရေး ကော်မတီများ အသုံးပြုဖြေရှင်းရန် လေ့လာစောင့်ကြည့်သည့် အုပ်စုများက တိုက်တွန်းခဲ့သည်။
မဲဆန္ဒရှင်များများ လာရောက်မဲပေးရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲဆန္ဒရှင်များကို ပိုမိုပညာပေးရန်လည်း လေ့လာသူများက တောင်းဆိုသည်။
၂၀၁၇ ခုနှစ်က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ၏ ၃၄ ရာခိုင်နှုန်းသာ လာရောက် မဲပေးခဲ့သည်။
နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၂ နာရီတွင် ပြီးဆုံးမည့် မဲဆွယ်ပွဲများကို ဆက်လက်လေ့လာ စောင့်ကြည့်မည် ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သည့် အုပ်စုများက ပြောသည်။
(Observers Urge Parties to Heed Code of Conduct Ahead of By-Election ကို ဆီလျော်အောင် ဘာသာပြန်သည်။)