သတင်း

ထိုင်း တရားမဝင် နိုင်ငံခြားသား ရှင်းလင်းမှု မြန်မာ ထောင်ချီ အဖမ်းခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းအစိုးရက တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးနေရာ သုံးပတ်အတွင်း မြန်မာအလုပ်သမား ၃၀၀၀ ခန့် ပါဝင်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးနှင့် ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းထံမှ သိရသည်။

ထိုင်းအစိုးရက နိုင်ငံအတွင်း တရားမဝင်နေထိုင် အလုပ်လုပ်နေသည့် နိုင်ငံခြားသားများကို ယခုလဆန်းပိုင်းမှစ၍ စစ်ဆင် ရေး တရပ်အနေဖြင့် ဖမ်းဆီးမှု ပြုလုပ်ရာတွင် မြန်မာအလုပ်သမားများပါ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး အလုပ်သမားသံအရာရှိ ဦးဆန်းမောင်က ပြောသည်။

၎င်းက“စစ်ဆေးလို့ တွေ့ရှိတာ အများစုကတော့ ပထမအဆင့် ရက် ၉၀ တုံးမထုတာတွေ အများဆုံး တွေ့တယ်။ နောက် တခု ကတော့ Work Permit (တရားဝင် အလုပ်လုပ်ခွင့် အထောက်အထား) နဲ့ အလုပ်ရှင်နဲ့ မတည့်တာ၊ အလုပ်လုပ်နေတာ က တခြား၊ အလုပ်ရှင်က တခြား ဖြစ်နေတာမျိုးပေါ့။ နောက်တမျိုးကတော့ ဗီဇာကုန်တာပေါ့။ အဲဒီသုံးခု များတယ်”ဟု ဧရာဝတီ ကို ပြောပြသည်။

မကြာခင်ရက်ပိုင်းက ဖူးခက်မြို့အတွင်း ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့များက တမြို့လုံးရှိ ဟိုတယ်နှင့် ကွန်ဒိုတိုက်ခန်းများကို ဝင်ရောက်၍ ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပြီး နိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်သည့် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသူများတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသူများ၊ အထောက်အထားမရှိဘဲ တရားမဝင် နေထိုင်သူများနှင့် အလည်အပတ် ဗီဇာဖြင့် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာ အလုပ်သမားများလည်း ပါဝင် သည်ဟု သိရသည်။

ထိုင်းနိုင်တောင်ပိုင်း ဖူးခက်မြို့နယ် အပါအဝင် ခရိုင် အသီးသီး၌ စီမံချက်ဖြင့် အဖမ်းခံထားရသူများတွင် ဥရောပနှင့် အာရှ တို့မှ နိုင်ငံခြားသားများ ပါဝင်ပြီး ၇၅ ရာခိုင်နှုန်းသည် မြန်မာ အလုပ်သမားများ ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ထံမှ သိရသည်။

ကွန်ရက် ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က“ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနက ကြေညာချက် ထုတ်လိုက်တာက နံပါတ် ၁ ဦးစားပေး လုပ်ကိုင်မှာကတော့ ထိုင်းနိုင်ငံက ခွင့်ပြုမထားတဲ့ အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေတဲ့သူတွေကို အဓိက ရှာ ဖွေ မှာ။ အဲဒီလို ရှာဖွေရင်းနဲ့မှ ရောပြီး ပါလာတာက တရားမဝင် စာရွက်စာတမ်း အထောက်အထားမဲ့ လုပ်သားတွေပါ ပါလာ ပြီးတော့ ဖမ်းမိတာ”ဟု ဧရာဝတီကို ပြောသည်။

နေထိုင်ခွင့် ဗီဇာသက်တမ်း တိုးရန် ရက်အနည်းငယ် လွန်သူများကို ဒဏ်ကြေး ဆောင်ခိုင်းခြင်းမျိုးရှိကာ ရက်လွန်များနေသူ များကို ပြန်ပို့ခြင်း ခံရသူများ ရှိကြောင်း၊ အထောက်အထားမဲ့ အလုပ်သမားများကိုမူ မြန်မာသံရုံးမှ တဆင့် ပြန်လည် လွှဲပြောင်း ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမား သံအရာရှိရုံး၏ တရားဝင် ထုတ်ပြန်ချက်အရ ယခုနှစ် ဇူလိုင်လမှ စတင်၍ စက်တင်ဘာ လကုန်အထိ ထိုင်းအစိုးရ အလုပ်သမားဥပဒေနှင့်မကိုက်ညီ၍ ဖမ်းဆီးခံရပြီး မဲဆောက်၊ မယ်ဆိုင်နှင့် ရနောင်း စသည့် စခန်း ၃ ခုမှတဆင့် ပြန်လည် လွှဲပြောင်းခံရသည့် မြန်မာအလုပ်သမား စုစုပေါင်း ၃၄၉၂၆ ဦး ရှိကြောင်း သိရသည်။

ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေကို ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်က ထုတ်ပြန်ခဲ့ပြီး ဥပဒေနှင့် ငြိစွန်းပါက ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခံရနိုင်သော်လည်း ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ သဘော တူညီချက်အရ ဖမ်းမိ အလုပ်သမားများအား လွှဲပြောင်းပေးသည့် စနစ်ကို ကျင့်သုံးလျက် ရှိသည်။

ယခုနှစ် သြဂုတ်လတွင်းက မြန်မာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနှင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာန ဝန်ကြီး Mr. Adul Sangsingkeo ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ နေပြည်တော်၌ တွေ့ဆုံကာ အလုပ်သမားအရေး ဆွေးနွေးပြီးနောက် ယင်းစနစ်ကို ပြောင်းလဲကျင့်သုံးခြင်း ဖြစ် သည်။

ယင်းဆွေးနွေးပွဲတွင် ထိုင်းအလုပ်သမား ဥပဒေကို လိုက်နာမှု အားနည်းသည့် မြန်မာလုပ်သားများနှင့် ပတ်သက်၍ ဖြေလျှော့ မှု ပေးနိုင်ရေးကို မြန်မာဘက်မှ တောင်းဆိုခဲ့သလို ထိုင်းဘက်မှလည်း မြန်မာလုပ်သားများအား တရားဝင် MoU (နားလည်မှု စာချွန်လွှာ) စနစ်ဖြင့် စေလွှတ်ရေးနှင့် ထိုင်းက လိုအပ်နေသည့် ရေလုပ်သား ၄၀၀၀၀ ကျော်ကို တရားဝင် စေလွှတ်ပေးရေးတို့ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးဆန်းမောင် ကတော့ ထိုင်းနိုင်ငံံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများ အနေဖြင့် ရက် ၉၀ တုံး မှန်မှန်ထုရန်နှင့် အလုပ်ရှင်နှင့် Work Permit (တရားဝင် အလုပ်လုပ်ခွင့် အထောက်အထား) တို့ ကိုက်ညီအောင် ဆောင်ရွက်ရန်၊ အလည်အပတ် ဗီဇာများဖြင့် အလုပ်မလုပ်ကြရန်နှင့် ဗီဇာ ရက် မကျော်စေရေး ဂရုစိုက်ကြရန် သတိပေး တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား အဖြစ် လုပ်ကိုင်နေသည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား နိုင်ငံသားများ အနက် မြန်မာ အများဆုံးဖြစ်ကာ နှစ်နိုင်ငံအစိုးရ တရားဝင် ထုတ်ပြန်ချက်အရ စုစုပေါင်း ၃ သန်း ရှိသည်ဟု ဆိုသော်လည်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ ၄ သန်းခန့် ရှိကြောင်း ခန့်မှန်းထားသည်။

ဆက်စပ်ဖတ်ရှုရန် – ထိုင်းအစိုးရက တရားမဝင် အလုပ်သမားဖမ်းမိလျှင် ပြည်နှင်ဒဏ်ပါ ချမှတ်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading