ပဲခူးတိုင်း ဒေသကြီးရှိ ကျေးရွာများတွင် ဒေသထွက် စပါးများကို တရုတ် ကုန်သည်များ တရားမဝင် ဝယ်ယူနေ၍ တိုင်းအစိုးရ အနေဖြင့် အရေးယူပေးရန် ဆန်စက် လုပ်ငန်းရှင်များ အသင်းက တိုင်ကြားထားကြောင်း သိရသည်။
ပဲခူးတိုင်း(အနောက်) ဆန်စက် လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးလှဦး က ပြည်ခရိုင်နှင့် သာယာဝတီ ခရိုင် အတွင်းရှိ မြို့နယ်များ တရုတ်ကုန်သည်များသည် ပဲခူးတိုင်း အနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည်၊ နတ္တလင်း၊ ကြို့ပင် ကောက် နှင့် ဇီးကုန်းမြို့နယ် ဒေသထွက် စပါးများအား ပြည်တွင်း ပေါက်ဈေးထက် ဈေးပိုပေး၍ တရားမဝင် ဝယ်ယူပြီး တ ရုတ် နိုင်ငံသို့ တိုက်ရိုက် တင်ပို့နေသည့် အတွက် အရေးယူပေးရန် တိုင်ကြားထားကြောင်း ဧရာဝတီကို ပြောသည်။
“ပဲခူးတိုင်း အစိုးရ အဖွဲ့ကို စက်တင်ဘာ လလယ်လောက် ကတည်းက တိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းအနေနဲ့ သွားရောက် တွေ့ဆုံပြီး တင်ပြထားတာပါ။ ဒါပေမယ့် ညွှန်ကြားချက် တစုံတရာ ပြန်မလာဘူး။ ထိထိ ရောက်ရောက် ဆောင်ရွက်ထားတာ မရှိလို့ ဒုတိယ အကြိမ် အောက်တိုဘာလမှာ တိုင်း လွှတ်တော် ဥက္ကဋ္ဌဆီကို သီးခြား By Name နဲ့ ထပ်မံ တိုင်ရတာ ဖြစ်ပါတယ်။ အခုချိန်အထိတော့ အစိုးရက စာပြန်တဲ့ အခြေအနေပဲ ရှိသေးတယ်”ဟု ဦးလှဦးက ပြောပြ သည်။
လက်ရှိ ပြည်တွင်း၌ စပါး အစိုပေါက်ဈေးမှာ တင်း ၁၀၀ လျှင် ငွေကျပ် ၅ သိန်း ၈ သောင်းဝန်းကျင် ပေါက်ဈေးရှိပြီး တရုတ် ကုန်သည်များက တင်း ၁၀၀ လျှင် ငွေကျပ် ၆ သိန်းကျော် ပေါက်ဈေးပေး၍ ဝယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။
ယခင် နှစ်များကလည်း တရုတ် ကုန်သည်များ တရားမဝင် စပါး လာရောက် ဝယ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည် တွင်း စားသုံးရန် ဆန်လက်ကျန် နည်းပါးနေ၍ ပြည်တွင်း ဆန်စက် လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများ အတွက် စိုး ရိမ်ရသည့် အခြေအနေများ ကြုံတွေ့နေရကြောင်းလည်း ဦးလှဦးက ပြောဆိုသည်။
“တနိုင်ငံလုံးမှာ ကောက်စော စပါး ပေါ်တာက ပဲခူး အနောက်က အရင်ဆုံး ပေါ်တာဆိုတော့ ဒီဘက် တကြောကို ပေါ်ပေါ် ခြင်းမှာ စပါးတွေ လာဝယ်ကြတာ။ ဒီနှစ်က ပိုဆိုးတာက ကျနော်တို့က နိုင်ငံခြားကို ဆန်တန်ချိန်အားဖြင့် ၄ သန်း နီးပါး လောက် တင်လိုက်တော့ ပြည်တွင်း အတွက် လက်ကျန် ဆန်နည်းသွားတဲ့ အခြေအနေမှာ သူတို့ဝယ်တာ များတဲ့အတွက် ပြည်တွင်းမှာ စပါးဈေးတွေ မြင့်တယ်။ ကုန်ဈေးနှုန်း မတည်မငြိမ်တွေ ဖြစ်ပြီး နယ်ဒေသခံတွေ ပြဿနာ ဖြစ်နိုင်တဲ့ အခြေ အနေမျိုးထိ ဖြစ်သွားတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
စပါးကို ပြည်ပ တိုက်ရိုက် ရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ဈေးကွက် စီးပွားရေး အရ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းချခွင့် ပေးထားပြီး တိရစ္ဆာန် အစာနှင့် မုန့်ပဲသရေစာ ပြုလုပ်ရာ၌ စပါးမှ ထွက်ရှိသည့် ဘေးထွက် ကုန်ကြမ်းများ ဖြစ်သော ဆန်ကွဲ၊ ဖွဲနုနှင့် ပွိုင့်များသည်လည်း ယခင်နှစ်များထက် အဆမတန် ဈေးမြင့်မားမှုများ ကြုံတွေ့နေရကြောင်း သိ ရသည်။
ယင်းသို့ စပါး ဝယ်ယူမှုများကြောင့် နိုင်ငံအတွက် အခွန် နစ်နာခြင်း၊ ဆန်းဈေး မြင့်တက်မှုများကြောင့် တခြား သား၊ ငါး၊ ကုန်စည်များပါ ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့ရနိုင်ပြီး စားသုံးသူ ပြည်သူများ အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်သဖြင့် အစိုးရ အနေနှင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပဲခူးတိုင်း(အနောက်) ဆန် စက် လုပ်ငန်းရှင်များ အသင်းက တိုက်တွန်း ပြောဆိုထားသည်။
သာယာဝတီ ခရိုင် ဇီးကုန်းမြို့နယ် ပေါင်ကြီးရွာမှ တောင်သူ ဦးခင်မောင်ဇင်က“ကျနော်တို့ ရွာကို တရုတ်တွေက ကိုယ် တိုင် တော့ လာမဝယ်ဘူး။ ပွဲစားတွေနဲ့ လာဝယ်တာ။ ပထမပိုင်း ပေါ်ပေါ်ချင်း ဈေးကောင်းရလိုက်တဲ့ လူတွေ ရှိတယ်။ ဈေး ကောင်းလေး ရရင်တော့ဗျာ ဘယ်သူဝယ်ဝယ်ပေါ့။ တောင်သူက အခု လုပ်သားရှားတာရော ခြွေလှေ့စက်က ၁ ဧက ကို ၄ သောင်းခွဲလောက် ပေးရတာရော ဆိုတော့ ၆ သိန်း အထက်လောက်ရရင် မဆိုးပါဘူးဗျာ”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်မှ တိုင်းအစိုးရ အဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အား လိုအပ်သလို အရေးယူ ဆောင်ရွက်သွားရန် အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲပါ ညွှန်ကြားစာ ပေးပို့ထားကြောင်း သိရသည်။