ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် ဆေးသမား ကျေးရွာ အုပ်စု၊ အုန်းတောချေ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်း (IDP Camp) တွင် အောက်တိုဘာလ ၁၈ ရက် ည ၁၁ နာရီ အချိန်ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ၆ ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိ သည်။
မီးလောင်မှု ဖြစ်ပွားရခြင်းမှာ ယင်းစခန်း အဆောင် ၁၂ ၊ အခန်း ၁ ရှိ မီးဖိုမှ မီးကြွင်း မီးကျန်များ အနီးရှိ ဝါးကာသို့ မီးကူး စက်၍ လောင်ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် မီးသတ် ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးသော်ဒါ က ပြော သည်။
“မီးကြွင်းမီးကျန်က စလောင်တာပါ။ ၈ ခန်းတွဲ ၁၅ ဆောင် ပါသွားတယ်။ ၆ ယောက် သေတယ်” ဟု၎င်းက ဧရာဝတီ သို့ ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ပေ ၄၅ × ပေ ၃၀ (သွပ်မိုး၊ ဝါးကာ၊ ၁ ထပ်ဆောင်) ၈ ခန်းတွဲ လူနေ အိမ်ခန်း ၁၅ ဆောင်မှာ လောင်ကျွမ်းသွားကာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များက မနက် ၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိ အချိန်တွင် မီးဘေး ဒုက္ခသည် အိမ်ထောင်စု ၁၄၁ စု၊ လူဦးရေ ကျား/မ ပေါင်း ၈၂၂ ဦးအား ဆွေမျိုးများအိမ်၌ ယာယီ နေရာချထားလျက် ရှိကြောင်း သိရသည်။
ထိုမီးလောင်မှု ဖြစ်ပွားခဲ့သည့် ကယ်ဆယ်ရေး စခန်းတွင် နေထိုင်ကြသူများမှာ ၂၀၁၂ ခုနှစ် အရေးအခင်း ကာလက ကျောက်ဖြူ၊ ပေါက်တာ နယ်များမှ လာရောက် နေထိုင်ကြသူများ ဖြစ်ကြသည်။
ရခိုင်ပြည်နယ် အတွင်း ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားရှိပြီး အစိုးရမှ အဆိုပါ စခန်းများကို ပိတ်သိမ်းရန် အ တွက်၂၀၁၄ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့သည်။
လက်ရှိ အချိန်၌ စစ်တွေမြို့နယ် ဆတ်ရိုးကျ စခန်း၊ စက်ရုံစု စခန်း၊ ကျောက်ဖြူ စခန်း၊ ရမ်းဗြဲ စခန်း၊ ကျောက်တော် အစ ရှိသည့် ဒုက္ခသည် စခန်းတို့ကို ပိတ်သိမ်းနိုင်ခဲ့ပြီး မြေပုံ စခန်းနှင့် ပေါက်တော စခန်းများကို ဆက်လက် ပိတ်သိမ်းရေး အတွက် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က သိရသည်။