ဥရောပသမဂ္ဂ (EU) က မြန်မာအထည်ချုပ်လုပ်ငန်းများအပေါ် အခွန်ကင်းလွတ်ခွင့် (GSP) ပေးထား ခြင်းအား ရုပ်သိမ်းနိုင် သည့်အတွက် ပိတ်ဆို့မှု မလုပ်ရန် ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ ဈေးကွက်သစ် လည်း ရှာဖွေနေကြောင်း သိရသည်။
ယမန်နေ့က နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းက“ ရပ်ဆိုင်းမယ်ဆိုတာ တရားဝင် အကြောင်းကြားတာတော့ မရှိသေးဘူး။ ဒီဟာတွေကြားတဲ့ အချိန်တည်းက သက် ဆိုင်ရာ CMP (အထည်ချုပ်လုပ်ငန်း) အသင်းနဲ့ချိတ်ဆက်ပြီးတော့ ဘယ်လို လုပ်ရမလဲ၊ မဖြစ်အောင် ကာကွယ်မယ်၊ ဖြစ် လာရင် ဘာလုပ်မှာလဲ။ ဈေးကွက်ကို ဘယ်လိုရွှေ့မလဲ။ ဒါတွေကို သက်ဆိုင်ရာအသင်းကလည်း အသေးစိတ် စီမံနေပါ တယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ရန် EU က အာရုံစိုက် လုပ်ဆောင်နေပြီး မကြာသေးမီက ထုတ်ပြန်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံ စာတရပ်တွင် မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်များကို နိုင်ငံတကာ ဥပဒေဖြင့် အရေးယူရန် တိုက်တွန်းထားသည်။
ကုလသမဂ္ဂ အဖွဲ့၏ ထုတ်ပြန်ချက်ကို လျစ်လျှူရှု၍ မရနိုင်ကြောင်းလည်း EU ခေါင်းဆောင်များက ပြောကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားကြောင်း သိရသည်။
EU မှ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ပါက အထည်ချုပ်လုပ်ငန်းအပြင် အခြားပြည်ပပို့ကုန် ဈေးကွက် များကိုပါ ထိခိုက်လာနိုင် ကြောင်းနှင့် ပိတ်ဆို့မှု မပြုလုပ်ရန်သာ အစိုးဘက်က ကြိုးစားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုထားသည်။
လှိုင်သာယာ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက “ ကျနော်တို့ကို ပေးနေ တဲ့ အထည်အော်ဒါ အရေအတွက် အများကြီး ကျသွားနိုင်တယ်၊ နောက်တခုက လက်ရှိ အလုပ်သမား သမဂ္ဂတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ငန်း ခွင် အခြေအနေကောင်းမွန်ရေးကို ILOနဲ့ ကြိုးစားပြီးလုပ်နေ တဲ့ လုပ်ငန်းတွေအကုန်လုံးက အီးယူ ငွေကြေးအထောက် အပံနဲ့ အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်အောင် ကြိုးစားလုပ်ခဲ့တာတွေအားလုံး အလကားဖြစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
စီးပွားရေး ပိတ်ဆို့မှုကြောင့် အထည်ချုပ်လုပ်ငန်းများအပေါ် သက်ရောက်မှု ပိုမို များပြားနိုင်သည့် အတွက် လူထုအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်မှု မရှိစေရန် အစိုးရဘက်မှ EU သို့ ကြိုးစားရှင်းပြမှုများ ရှိနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အောက်တိုဘာလ ၈ ရက်တွင် ပြောဆိုထားသည်။
EU သို့ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်စည်အများစုအပေါ် ၂၀၁၃ ခုနှစ်မှစကာ အခွန်ကင်းလွတ် ခွင့် ပေးထားခြင်း ဖြစ်ပြီး လုပ်သားဈေးချို၍ ကုန်သွယ်မှု အလားအလာကောင်းသည့်အတွက် အရှေ့အာရှ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံ တွင် အထည်ချုပ်စက်ရုံများကို လာရောက် ဖွင့်လှစ်ထားကြသည်။
လူ့အခွင့်အရေးကိစ္စများကြောင့် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး မျက်နှာသာပေးထားမှုကို ပြန်လည် သုံးသပ်ရန် ဥရောပ ပါလီမန်က EU ကော်မရှင်သို့ ပြီးခဲ့သည့်လက တိုက်တွန်းထားသည်ဟု သိရသည်။
နိုင်ငံတကာ ဈေးကွက်သစ် ရရှိရန်အတွက် ဈေးကွက်ပုံစံသစ် ပြောင်းလဲ လုပ်ကိုင်မည့် ပုံစံကို အထည်ချုပ် လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များက စီစဉ်ဆောင်ရွက်နေကာ စီးပွားရေး ပိတ်ဆို့မှု မဖြစ်အောင်လည်း အစိုးရဘက်က လုပ်ဆောင်မည်ဟု လည်း စီးပွား/ကူးသန်း ဝန်ကြီးဌာနဘက်မှ သိရသည်။
စီးပွား/ကူးသန်း အမြဲတန်းအတွင်းဝန် ဦးရန်နိုင်ထွန်းက “မဖြစ်အောင်ဆိုတဲ့ နေရာမှာ သူတို့ (EU) ဘက်က ဆောင်ရွက်တာ ကို ကျနော်တို့က ဒါတော့ မလုပ်ပါနဲ့ ဆိုတာ ပြောလို့တော့ မရဘူး” ဟု ဆိုသည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းမှာ ယခင်က ဂျပန်ဈေးကွက်ကိုသာ အဓိကထား အားထားခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် EU ဘက်မှ အခွန်ကင်းလွတ်ခွင့် ပေးခဲ့ပြီးနောက်တွင် အထည်ချုပ်လုပ်ငန်း ၂ ဆ တိုးတက်လာခဲ့သည်ဟု လုပ်ငန်းရှင်များ ဘက်မှ သိရသည်။
လက်ရှိတွင် ပြည်တွင်း၌ အထည်ချုပ်စက်ရုံ ၄၀၀ ခန့်ရှိပြီး ပြည်တွင်းလုပ်သား ငါးသိန်းခွဲခန့်ကို အလုပ်ပေးထားနိုင်ပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ပသို့ အထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းနီးပါး ရရှိခဲ့ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း ကိန်းဂဏန်းများက ဆိုသည်။
လာမည့် အောက်တိုဘာ ၂၈ရက်တွင် EU စုံစမ်းရေးအဖွဲ့ လာရောက်ရန် ရှိပြီး၊ အလုပ်သမား အဖွဲ့ များဖြင့် တွေ့ရန်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က “EU ရဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး မရရင်တော့ ရင်းနှီးမြုပ်နှံမှုတွေလည်း ရပ်တန့်သွားမှာပေါ့၊ ရပ်တန့်သွားတော့ အထည်ချုပ်မရှိလဲ တခြားလုပ်ငန်းရှိတယ်လို့ လွယ်လွယ်နဲ့ ပြောလို့ရတယ်၊ ဒါပေမယ့် အဲဒီလောက် မလွယ်ဘူး၊ လူအများစုက ထွက်ပေါက်ရှာရင် ရွှေ့ပြောင်းအလုပ် သမားတွေ ဖြစ်ကုန်မှာပေါ့၊ ဒါတွေက ကျနေ်ာတို့ လူမှုရေး ကွန်ရက်ကြီး (Social Structure)ကိုပါ သက်ရောက်မှုရှိမယ်၊ ဒါ တွေကို ထည့်သွင်းစဉ်းစားဖို့ ပြောချင်တယ်” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – ဥရောပသမဂ္ဂ ကုန်သွယ်ရေး အထူးအခွင့်အရေး ရပ်ဆိုင်းလျှင် မြန်မာ့အထည်ချုပ် အထိနာမည်