တိုင်းပြည်တွင်း အမြစ်တွယ်နေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနိုင်ရေး အစီအစဉ်အဖြစ် မူလတန်းအရွယ် ကလေးများမှ စတင်ကာ ပညာပေးသွားမည်ဟု အဂတိလိုက်စားမှု ကော်မရှင်ထံမှ သိရသည်။
ပညာပေး အစီအစဉ် အဖြစ် ကော်မရှင်က “ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေး အစီအစဉ်” အခြေခံ ပညာ မူလတန်း ဆရာကိုင် သင်ရိုးစာအုပ် ၄ သောင်းကို ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ် မှုကို အောက်တိုဘာလ ၁၈ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ပြုလုပ်ကြောင်း သိရ သည်။
ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူက “အဂတိ လိုက်စားမှုကို တိုက်ဖျက်ဖို့အတွက် ပညာပေးတာပါ။ ပညာပေး အစီ အစဉ်မှာတော့ လူငယ်တွေက စတင်လိုက်တာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စာရိတ္တကိုပဲ မြင့်တင်ပေးနိုင်ဖို့ အဓိက ရည် ရွယ်ပြီးတော့ ဒီသင်ခန်းစာတွေကို ပြုစုခဲ့တာ ဖြစ်ပါတယ်။ အဓိက စာရိတ္တ မြင့်မားရေးအတွက် ဖြစ်ပါတယ်”ဟု ပြော သည်။
အဆိုပါ သင်ရိုးညွှန်းတမ်းတွင် ရိုးသားဖြောင့်မတ်ခြင်းကို အလေးပေးသည့် ပုံပြင်၊ ကဗျာ၊ သီချင်းနှင့် ရုပ်ပြဇာတ်လမ်း တိုများ၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ပတ်သက်၍ အသက်အရွယ်အလိုက် လိုက်နာအပ် သည့် အချက်များ၊ အပြန်အလှန် လေးစားမှုနှင့် စည်းကမ်းလိုက်နာမှု အကြောင်းအရာများ ပါဝင်သည် ဟု သိရသည်။
“ကလေးတွေက ငယ်ငယ်ကတည်းက ရိုးသားမယ်၊ ဖြောင့်မတ်မယ်။ မှားတာကို မလုပ်ဘူး။ မှန်တာကို လုပ်မယ်။ မတရားတာ မှန်သမျှ မလုပ်ဘူးဆိုတဲ့ အလေ့အကျင့်ဟာ ကလေးတွေ စိတ်ထဲမှာ စွဲမြဲသွားပြီ ဆိုရင် ကြီးလာရင် Corruption (အကျင့်ပျက် ခြစားမှု) ဆိုတဲ့ အပြုအမူကို ပြုလုပ်တော့မှာ မဟုတ်ပါ ဘူး။ ဒီအတွက်ကြောင့် ရိုးသားဖြောင့် မတ်ခြင်းကို အဓိကထားပြီးတော့ ပေးထားပါတယ်” ဟု ဒေါ်အေးအေးမူက ဆိုသည်။
လက်ရှိတွင် အခြေခံပညာကျောင်းများ၌ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်တို့ကို သင်ကြားလျက် ရှိကာ ယင်းတို့နှင့် ချိတ်ဆက် သင်ကြားရမည်ဖြစ်ပြီး လာမည့်နှစ်တွင် တနိုင်ငံလုံးရှိ ကျောင်းများသို့ ဖြန့်ချိနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။
“နောက်ပိုင်းမှာ ကျောင်းစာကြည့်တိုက်မှာပါ ထားပေးပြီးတော့ ကလေးတွေကို ပြန်ဖတ်၊ ပြန်ဆွေးနွေး ပြီးတော့မှ တည်ကြည်ဖြောင့်မတ်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်အောင် ပြုစုပျိုးထောင်တဲ့အခါ အများကြီး အထောက်အကူ ဖြစ်တဲ့ စာအုပ်ပါ” ဟု ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
အာရှတွင်း နိုင်ငံတခုဖြစ်သည့် တောင်ကိုရီးယားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက် ၍ ကလေးငယ် များအား သင်ကြားပေးလျက်ရှိကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင် သွားရောက် လေ့လာခဲ့ဖူးသည်ဟု သိရသည်။
ထန်းတပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက “ကျနော်တို့ဆီမှာ သင်ရိုး ညွှန်းတမ်း အနေနဲ့ မဟုတ်ဘဲ ဗဟုသုတ အနေနဲ့ပဲ သွားသင့်တယ်။ ကလေးတွေကို အရမ်းကြီး သွတ်သွင်းလိုက်တာမျိုးလည်း မကြိုက် ဘူး။ ကလေးတွေရဲ့ ဦးနှောက်က နုနယ်သေးတယ်။ ဒါကို ပြည်သူ့နီတိလိုပဲ မလုပ်သင့်ဘူး ဆိုတာမျိုးနဲ့ ကလေးတွေ စိတ်ဓါတ်ဖြူစင်ဖို့လောက်ပဲ ဖြစ်သင့်တယ်”ဟု အကြံပြု ပြောဆိုသည်။
ဦးနေမျိုးထွန်းသည် တောင်ကိုရီးယား အဂတိလိုက်စားမှု တိုက်ဖျက်မှု အခြေနေများကို သွားရောက် လေ့လာရာတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
တောင်ကိုရီးယားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအား မီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်းတို့ ပူးပေါင်း လုပ် ဆောင်ပြီးမှသာ ကော်မရှင်ကို ဖွဲ့စည်းခြင်း ဖြစ်သည်။ တောင်ကိုရီးယား ကော်မရှင် အနေဖြင့် ပြည်သူ့ဝန်ထမ်းများ၏ လိုအပ်ချက်ကို လေ့လာကာ ဖြစ်ပွားရသည့် အခြေခံအချက်များကို စစ်တမ်းကောက် သုတေသန လုပ်ခဲ့ကြောင်း၊ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အစိုးရဝန်ထမ်းများ သာမက ပုဂ္ဂလိက ဝန်ထမ်းများကိုပင် အရေးယူခွင့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဥက္ကဌ၊ အတွင်းရေးမှူး စုစုပေါင်း ၁၂ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းကော်မတီ အဖွဲ့ ၆ ဖွဲ့ ဖြင့် လည်ပတ်လျက် ရှိသည်။ ၏
ကော်မရှင်ကို စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်အထိ တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာပေါင်း ၆၇၀၃ စောင်ရှိပြီး တိုင်ကြားစာ အများဆုံး ပေးပို့သည့် ဒေသမှာ ရန်ကုန်နှင့် မန္တလေးတို့ ဖြစ်သည်ဟု ကေ်ာမရှင် ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် ပြဋ္ဌာန်းဥပဒေများအရ ရွေးကောက် တင်မြောက်ခံရထားရသူများနှင့် တပ်မတော်အရာရှိများ ကို တိုက်ရိုက် အရေးယူခွင့် မရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း သမ္မတ ဦးဝင်းမြင့်က ကော်မရှင်အဖွဲ့ဝင်များအား တွေ့ဆုံကာ မျက်နှာကြီးငယ် မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်ရန် လိုအပ်သည်ဟု မှာကြားထားကာ လုပ်ပိုင်ခွင့်အာဏာ အရှိန်အဝါရှိသူများ၏ ဝင်ရောက် စွက်ဖက်မှုများ၊ စွပ်စွဲခံရ သူဘက်မှ အကာအကွယ်ပေးမှုများ ရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြစေလိုသည်ဟု ဆိုထားသည်။
နိုင်ငံတကာ အဖွဲ့အစည်း တခုဖြစ်သည့် Transparency International (TI) က နောက်ဆုံး ထုတ်ပြန်ထားသည့် အဂတိလိုက်စားမှုဆိုင်ရာ သဘောထားအမြင် အညွှန်းကိန်း(Corruption Perception Index – CPI) အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၃၀ တွင် ရှိနေသည်။