နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က Eleven မီဒီယာသတင်းသမား ၃ ဦး အား တရားစွဲထားမှု အပေါ် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC)က ခေါ်ယူတွေ့ဆုံ ဆွေးနွေး ပြီးနောက် အမှုကို အမြန်ဆုံး ရုပ်သိမ်းရန် တိုက်တွန်းလိုက်သည်။
တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ ညှိနှိုင်းဆာင်ရွက်ပေးရန် MPC သို့ ယမန်နေ့က တိုင်ကြားခဲ့သည့်အတွက် ယနေ့ (အောက်တို ဘာလ ၁၉ ရက်) တွင် နှစ်ဖက်တာဝန်ရှိသူများအား ကောင်စီရုံးခန်း၌ ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ဒီအမှု တရားရုံးရောက်နေသရွေ့ မီဒီယာ ဥပဒေအရ ကိုင်လို့ မရဘူး။ ဒါကြောင့် ရုံးတင်ထားတဲ့အမှုကို အမြန်ဆုံး ရုပ်သိမ်းပေးပါလို့ သူတို့ကို မေတ္တာရပ်ခံတယ်။ ရုပ်သိမ်းပေးတာနဲ့ ဒီနေ့ ရုပ်သိမ်းပေးရင် ရုပ်သိမ်းပေးတဲ့ အချိန်က စပြီး လုပ်နည်း လုပ်ဟန် အရ ညှိနှိုင်းပေးမယ်” ဟု MPC ဒု-ဥက္ကဋ္ဌ (၂) ဒေါက်တာမျိုးသန့်တင်က ပြောသည်။
နိုင်ငံတော်သမ္မတရုံးက Eleven Media Group မှ သတင်းသမား ၃ ဦးအမှုအား သတင်းမီဒီယာ ဥပဒေနှင့် အညီ ညှိနှိုင်း ဆောင်ရွက်ရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့အား လမ်းညွှန်ထားသည့်အတွက် အောက်တိုဘာလ ၁၈ ရက်က MPC သို့ တိုင်ကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
MPC အနေဖြင့် ယင်းတိုင်ကြားမှုကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန်မှာ ရန်ကုန်တိုင်းအစိုးရက Eleven သတင်းသမား များအပေါ် တရားစွဲထားမှုအား ရုပ်သိမ်းရန် လိုအပ်သည့်အတွက် တိုက်တွန်း ရခြင်း ဖြစ်သည်။
တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က အမှုပြန်လည် ရုပ်သိမ်းပေးရန်မှာ တိုင်းအစိုးရ အဖွဲ့ထံ ပြန်လည် တင်ပြပြီးမှသာ အကြောင်းပြန်မည်ဟု MPC ကို ပြောဆိုကြောင်း သိရသည်။
ယနေ့ တွေ့ဆုံဆွေးနွေးမှုတွင် MPC အနေဖြင့် တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်၊ Eleven Media Group မှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်၊ ဦးဝေဖြိုး၊ ဒါရိုက်တာ မီးပွား တို့အား သီးခြားစီ တွေ့ဆုံခဲ့ကာ တိုင်ကြားမှုနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
Eleven Media Group မှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က “စွဲထားတဲ့အမှုကို ရုပ်မယ်။ ရုပ်သိမ်းပြီးတဲ့အခါ ကျနော်တို့ဆီက သတင်းထောက်တွေ လွတ်လာမယ်။ လွတ်လာပြီးတဲ့အခါကျမှ ကျန်တာ ဆက်လုပ်လို့ ရမယ်” ဟု မီဒီယာများကို ပြောသည်။
၎င်းက ဆက်လက်ပြီး “ကျနော်တို့က Management အဖွဲ့တွေ ဖြစ်တယ်။ သတင်းထောက်တွေရဲ့ ရေးသားချက်တွေက သူတို့ပဲသိတာ။ သူတို့ပဲ အချက်အလက် အထောက်အထားတွေ ရှိတာ။ ကျနော် တို့မှာ မရှိဘူး။ အဲဒီတော့ သူတို့ကိုယ်တိုင် လာဖြေရှင်းမှ သဘာဝကျမယ်။ တောင်းပန်တယ် မတောင်း ပန်ဘူးဆိုတာ သူတို့ရဲ့ဆုံးဖြတ်ချက်က အဓိကပဲ” ဟု ဆိုသည်။
အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် ဖြိုးဝေ ရေးသားထားသော “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးပါ အချက်အလက်အချို့နှင့် ပတ်သက်၍ အောက်တိုဘာ ၉ ရက်တွင် ဦးအောင်ကျော်ခိုင်က တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ဦးနရီမင်း၊ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့သည် အောက်တိုဘာ ၁၀ရက်နေ့တွင် တာမွေမြို့မ ရဲစခန်းသို့ ကိုယ်တိုင်လာရောက် စစ်ဆေးခံပြီးနောက် ချုပ်ရက် ရမန်ယူပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံရသည်။
အောက်တိုဘာ ၁၇ ရက်တွင် ပထမဆုံး အကြိမ် တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမှုတွင် အာမခံ လျှောက်ထား ထားပြီး လာမည့် အောက်တိုဘာ ၂၆ ရက် ရုံးချိန်းတွင် အာမခံပေး/မပေး တရားရုံးက ဆုံးဖြတ်မည် ဖြစ်သည်။
ဆက်စပ်သတင်း
Eleven သတင်းသမား ၃ ဦး အမှု မီဒီယာ ဥပဒေနှင့် အညီ ဆောင်ရွက်ရန် သမ္မတ လမ်းညွှန်
Eleven သတင်းသမား ၃ ဦး နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မဖြင့် တရားစွဲခံရ
အဝေဖန်မခံနိုင်သော ရန်ကုန်တိုင်းအစိုးရသည် ကြည်ညိုစရာ မကောင်း