နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်သည် မဲဆွယ် စည်းရုံးရေး ခရီးစဉ် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဖွင့်လှစ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဂေဟာ ဖွင့်ပွဲသို့ တက်ရောက်ရန် အောက်တိုဘာလ ၁၉ ရက်က မြစ်ကြီးနားမြို့သို့ နေ့ချင်းပြန် သွားရောက်ခဲ့သည်။
ဒေါက်တာ မျိုးညွန့်က“မဲဆွယ် စည်းရုံးရေးကို ကျနော်တို့ သီးခြား လုပ်နေတာပါ။ ကျနော်တို့ ပါတီက တာဝန်ပေးထား တဲ့ နိုင်ငံ့ အကြီးအကဲ တဦးက အဲဒီ ဒေသကိုသွားရင် ဒီပါတီနဲ့ ပတ်သက်လို့ ဒီလိုပဲ ပြောကြမှာပါ။ ဒါဟာ သူတို့ရဲ့ အစီ အစဉ်နဲ့ သူတို့ သွားကြတာ။ ကျနော်တို့ကလည်း ကျနော်တို့ အစီအစဉ်နဲ့ လုပ်နေတာ။ ဘာမှပတ်သက်မှု မရှိဘူးလို့ ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်သည် ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ရှိ IDP စခန်း များကို သွားရောက်ခဲ့ပြီး မြန်မာ အစိုးရသို့ အချက်တချို့ အကြံပြုထားမှုများ ရှိသည့် အတွက် IDP အရေးကို ဆောင်ရွက် ရန် လတ်တလော လိုအပ်လာ၍ သွားရောက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာ မျိုးညွန့်က ရှင်းပြသည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ(KSDP)၊ လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ဒူးလေး ပါတီ)၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့(PCG) စသည့် အဖွဲ့အစည်းနှင့် ပါတီများက မဲဆွယ် စည်းရုံး ရေး ခရီးစဉ် ဖြစ်ကြောင်း ပြောဆိုကြသည်။
KSDP မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတူးရော်က“အခုက ကချင်ဒေသမှာ စစ်ရေး အရှိန်လျှော့ချ ထားတယ်။ တဖက်မှာ ကြားဖြတ် ရွေးကောက်ပွဲ ရှိနေတယ်။ ဘာဖြစ်ဖြစ် ကချင်ပြည်နယ်မှာ မဲအများဆုံး နိုင်ထားတဲ့ ပါတီဖြစ်တဲ့ အတွက် အခု ခရီးစဉ်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မျိုး ဖြစ်နေတယ်”ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ခရီးစဉ်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ စိန့် ဂျိုးဆက် ကက်သလစ် စစ် ဘေး ရှောင် ဒုက္ခသည် စခန်း(IDP) နှင့် တောင်တန်း ဒေသခံ ကျောင်းသူ/သားများ စောင့်ရှောက်ရေး ဂေဟာ တို့ကို လည်း သွားရောက်ကာ လူထုနှင့် တွေ့ဆုံ စကားပြောကြားခြင်း၊ အသုံးအဆောင်နှင့် စားနပ်ရိက္ခာများ လှူဒါန်း ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။
PCG မှ ဦးဆန်းအောင်က“ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဆောက်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဂေဟာ ဖွင့်ပွဲ လာ တယ်။ ပြီးတော့ ဒေသ အစိုးရနဲ့ တွေ့မယ်။ ဒုက္ခသည် စခန်း ၁ ခု ၊၂ ခုလောက် သွားမယ်လို့ ကြားတယ်။ ငြိမ်းချမ်း ရေး ကိစ္စကတော့ ကျနော်မသိဘူး။ တွေ့ဖို့ကတော့ ဘယ်သူနဲ့မှ တွေ့ဖို့ရှိတယ် ဆိုတာတော့ မကြားဘူး။ အဓိကတော့ ကြား ဖြတ်ရွေးကောက်ပွဲ ဆိုတာတော့ မျက်နှာလေး လာပြထားလိုက်ရင် စည်းရုံးရာလည်း ကျသွားတဲ့ ပုံစံမျိုး၊ မဲဆွယ် စည်းရုံးတဲ့ သဘောမျိုးလို့ မြင်တယ်”ဟု ပြောဆိုသည်။
လီဆူ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်သည် ပါတီ စည်း ရုံးရေး သဘောဆောင်သည့် ပုံစံလည်း ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း IDP စခန်းများသို့ သွားရောက်ခဲ့ခြင်း သည် ဒုက္ခသည်များ ပြန်လည် နေရာချထားရေး အတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲကို နိုဝင်ဘာလဆန်းတွင် ကျင်းပမည် ဖြစ်ပြီး NLD ပါတီသည် လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ လုံး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စိန့်ဂျိုးဆက် ကက်သလစ် စစ်ဘေးရှောင် ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် စခန်းတွင်းရှိ ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးကို စခန်း တာဝန်ရှိသူများနှင့် အစိုးရ အဖွဲ့ဝင်များက အလေးထား လုပ် ဆောင်ကြရန် မှာကြားခဲ့သည်။
ထို့ပြင် ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်၍ ပြည်သူပြည်သားများ ယခုလို စခန်းများတွင် နေထိုင်နေရသည်ကို လုံးဝ မနှစ်မြို့ ကြောင်း ထို့အတွက် အစိုးရ အဖွဲ့အနေနှင့် ပြည်သူများ အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေ ကြောင်းလည်း ၎င်းက ပြောသည်။
ကချင် ပြည်နယ်တွင် တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ကြား ၂၀၁၁ ခုနှစ်က စတင်၍ တကျော့ ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဒုက္ခသည် စခန်းများတွင် တိမ်းရှောင်နေကြရသူ ၁ သိန်းကျော် ရှိ ကြောင်း ကချင် အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်းများ အရ သိရသည်။