ရခိုင်ပြည် မြောက်ဦးမြို့နယ် လေးမျက်နှာ ပုထိုးတော် အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူ ကျောက်ဆင်းတုတော် များအနက် ၁၁ ဆူ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ မြောက်ဦး ရှေးဟောင်း သုတေသန ဌာနက မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားခံအား စုံစမ်းနေကြောင်း သိရသည်။
မြောက်ဦး ရှေးဟောင်း သုတေသန ဌာန ညွှန်ကြားရေးမှူး ဒေါက်တာသိန်းထိုက်က “ ကျနော်တို့ ဒီနေ့ မနက်ပဲ ကွင်းဆင်း စစ်ဆေးတဲ့အခါ ပတ်ဝန်းကျင်က လူတွေက အဲဒီနေ့ညမှာ ဆူဆူပူပူနဲ့ လူတစု ရန်ဖြစ်သံတွေ ကြားရတယ်၊ ဆူပူပြီး ရန်ဖြစ်သံတွေ ကြားရတော့ ဒေသက လူတွေကလည်း မသွားရဲ ဘူး။ နောက်နေ့ မနက်ပိုင်း သွားပြီးတော့ ဝင်ကြည့်ကျမှ သိကြတာ” ဟု ဆိုသည်။
တရားခံကို မသိသေးသော်လည်း ပုထိုးတော်အတွင်း မူးယစ်ဆေးဝါး လာရောက်သုံးစွဲသည့် လူငယ် များ ဖျက်ဆီးသွားခြင်း ဖြစ်နိုင်သည်ဟု မြောက်ဦးဒေသခံများကြား ခန့်မှန်းပြောဆိုမှုများ ရှိသည်။
မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း စောက်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက “မြောက်ဦးမှာ လုံခြုံရေး အရ လိုအပ်နေတယ်။ တပ်အပ်မပြောနိုင်ပေမဲ့ ဘုရားကြို ဘုရားကြားမှာ မူးယစ်သောက်စားဖို့၊ ဆေးရှုဖို့အတွက် နေရာကောင်း ရနေတယ်ပေါ့။ ဘုရားတွေကို ရိုက်ချိုးဖျက်စီးလိုက်တဲ့အခါကျတော့ တချို့ ခေါင်းပြိုသွားတယ်။ လက်ကြေ သွားတယ်။ ခန္ဓာကိုယ် တပိုင်းပဲ့သွားတယ်။ မြို့ပေါ်က ဘုရာ ဒီလို ဖျက်စီးခံရတာဟာ လုံခြုံရေး အားနည်းခြင်းကြောင့်ပဲ” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး မြောက်ဦးမြို့ပြင်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများမှာ ဌာပနာ ဖောက်ခံရခြင်း၊ ဆင်းတုတော်များ ဖျက်စီးခံခြင်း စသည့် ဖြစ်ရပ်များ ရှိခဲ့ဖူးသော်လည်း မြို့ပေါ်ရှိ ဘုရားစေတီများ ဖျက်ဆီးခံရမှု မရှိခဲ့ဘူးဟု ဆိုသည်။
မြောက်ဦး လေးမျက်နှာ ပုထိုးတော်ကြီးကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ ပြည့်နှစ်တွင် တည်ထားခြင်း ဖြစ်ပြီး ထုက္ကန့်သိမ် အနောက်မြောက်ဘက် မြေပြန့်တွင် တည်ရှိကာ ဉာဏ်တော် အမြင့်ပေ ၇၀ ရှိသည်ဟု သိရသည်။
ယခင်က သမိုင်းဝင် လေးမျက်နှာ ပုထိုးတော်ကြီး၏ မုဒ်ပေါက် ၄ ပေါက်တွင် အဝင်အထွက် အဟန့် အတား ဖြစ်စေရန် အတွက် သံပန်းတံခါးများ တပ်ဆင်ထားသော်လည်း အချို့ သံပန်းများမှာ ပျက်ဆီး နေပြီး သီးခြား လုံခြုံရေး ချထားနိုင်ခြင်း မရှိကြောင်း ဒေါက်တာသန်းထိုက်က ပြောသည်။
မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်း ဝင်နိုင်ရန်အတွက် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အပါအဝင် နိုင်ငံတကာ ပံ့ပိုးမှုဖြင့် အစိုးရက အကောင်အထည် ဖော်လျက်ရှိပြီး အီတလီနိုင်ငံ အစိုးရက ယူရိုငွေ ၁ သန်း ထောက်ပံ့မည်ဟု သမ္မတရုံးက ထုတ်ပြန်ထားသည်။
အဆိုပါ ထောက်ပံ့ငွေကို အီတလီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (AICS) က မြောက်ဦးဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းဆောင်ရွက်ရန် နည်းပညာသင်တန်း ပေးခြင်း၊ လိုအပ်သည့် လုပ်ငန်းသုံးကိရိယာများ ကူညီပေးခြင်းတို့ ဆောင်ရွက်သွားမည်ဟု သိရသည်။
လာမည့် ၂၀၁၉ ခုနှစ်တွင် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ရေးဆွဲ ထားသည့် လုပ်ငန်း ဆောင်ရွက်ထားမှုများကို ကမ္ဘာ့အမွေအနှစ် ကော်မတီထံ တင်ပြမည်ဖြစ်ကာ အပြီးသတ် အစီရင်ခံစာကိုမူ ၂၀၂၀ ဖေဖော်ဝါရီလ ၁ ရက်မတိုင်မီ တင်ပြရမည် ဖြစ်သည်။