ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ သလပ်ခွာ သစ်တောကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုး ၃ ဦးအား လက်နက်နှင့်အတူ ဖမ်းဆီးမိကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်က သစ်တောရဲ၊ နယ်မြေခံရဲ၊ သစ်တောဌာန၊ အရေးပေါ် ဆင်ကယ်ဆယ် ရေးအဖွဲ့ (Emergency Elephant Rescue Unit – EERU) နှင့် ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဆင်ပစ်လက်နက်များနှင့်အတူ အဆိုပါ ၃ ဦးကို ဖမ်းမိခြင်းဖြစ်ပြီး တဦး လွတ်မြောက်သွားကြောင်း သိရသည်။
“ပုသိမ်မြို့နယ်ထဲမှာ ရှိတဲ့ ကျေးရွာတချို့က ဒီရက်ပိုင်းထဲမှာ တောဆင်ရိုင်းအကောင် ၂၀ လောက် ဝင်ရောက်နေတာကြောင့် အဲဒီတောဆင်ရိုင်းတွေကို ကျနော်တို့တွေ သလပ်ခွာကြိုးဝိုင်းထဲကနေ မောင်းထုတ်ပေးခဲ့တယ်။ တလက်စတည်း မှာပဲ ဒီဆင်အုပ်တွေ အနီးဝန်းကျင်မှာ ဆင်သတ်မုဆိုးတွေ ရှိနိုင်တယ်လို့ ယူဆတဲ့အတွက် ဆက်ပြီး ကင်းလှည့်ရာက ဆင်သတ်မုဆိုး ၃ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်” ဟု မြန်မာ့သစ်လုပ်ငန်း အရေးပေါ် ဆင်ကယ်ဆယ်ရေးအဖွဲ့ (EERU) ခေါင်းဆောင် ဒေါက်တာ လင်းလင်းထွန်းက ဧရာဝတီကို ပြောသည်။
ပူးပေါင်းအဖွဲ့ ကင်းလှည့်စဉ် အောက်တိုဘာလ ၁၈ ရက် နေ့လယ် ၁ နာရီခန့်က ချောင်းသာ-ငွေဆောင် လမ်းမိုင်တိုင် ၂/၃ တွင် မသင်္ကာဖွယ်ရာ လူစိမ်း ၂ ဦး တွေ့ရသည့် အတွက် စစ်ဆေးမေးမြန်းရန် ပြင်ဆင်စဉ် တဦးမှာ တောတွင်းသို့ ထွက်ပြေး သွားခဲ့ကြောင်း၊ ကျန်တဦးအား စစ်ဆေးရာ ပုသိမ်မြို့ နယ် စပါးထားကျေးရွာအုပ်စု ခြေထောက်ကွင်းကျေးရွာနေ စောထူးညော (၃၂) ဖြစ်ပြီး ၎င်းနှင့်အတူ ဓားမြောင် ၂ ချောင်း၊ အဆိပ်ထည့်ထားသည့် ပင်နီစလင် ပုလင်း ၃ လုံး ဖမ်းဆီး ရမိကြောင်း သိရသည်။
စောထူးညော၏ ဖော်ထုတ်ချက်အရ သလပ်ခွာကြိုးဝိုင်း၊ အကွက် အမှတ် ၅ ရှိ မီးသွေးဖုတ်တဲတွင် စခန်းချနေသည့် နိုင်ထက်ကျော် (၁၈ နှစ်) နှင့် ဦးကျော်တသိန်း (၅၆ နှစ်) တို့ကို တူမီးသေနတ်၊ သေနတ်ပစ်ရာတွင် အသုံးပြုသည့် သံဘောစေ့၊ အဆိပ်ပုလင်းများနှင့်အတူ ဆင်သတ်ပစ္စည်း ၂၇ မျိုးနှင့်အတူ ထပ်မံ ဖမ်းမိသည်ဟု သိရသည်။
ဖမ်းမိသူများထဲမှာ စောထူးညောနှင့် ဦးကျော်တသိန်းမှာ ပုသိမ်မြို့၊ စပါးထားအုပ်စု၊ ခြေထောက်ကွင်း ကျေးရွာတွင် နေသူများဖြစ်ကာ ဆင်သတ်မုဆိုးများကို ကူညီပေးနေသူများ ဖြစ်ကြောင်း၊ နိုင်ထက်ကျော်နှင့် ထွက်ပြေးသွားသည့် မောင်အေး တို့မှာ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ဝက်ကော်ကျေးရွာမှဖြစ်ကာ မကွေးတိုင်းမှ ဧရာဝတီတိုင်းသို့ လာရောက် ၍ ဆင်ပစ်ကြသူများ ဖြစ်သည်ဟု နယ်မြေခံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
“ဆင်ပစ်မုဆိုးတွေ လှုပ်ရှားလို့ ရတယ်ဆိုတာ ဒေသခံ ကူညီလို့ပါ။ ဒေသခံ မပါရင် ဘာမှ လုပ်မရ ပါဘူး။ဆင်ပစ်မုဆိုးတွေက ဆင်တကောင် သတ်ရောင်းရင် သိန်း ၆၀ ကနေ ၁၀၀ လောက်အထိ ရတယ်။ လိုက်ပါကူညီပေးတဲ့ ဒေသခံက အများဆုံးရမှ ၄၊ ၅ သိန်းပဲ ရတယ်။ အဖမ်းခံရတော့ မိသားစုတွေ ဘဝပျက်၊ ဒုက္ခတွေ ရောက်ကြရတယ်။ ဒါကြောင့် ဒေသခံများအနေနဲ့ ကိုယ်ပါရောပြီး ဒုက္ခရောက်၊ အဖမ်းခံရနိုင်တဲ့ ဆင်သတ်မုဆိုးတွေကို မပတ်သတ်ဖို့နဲ့ တွေ့ရှိရင်လည်း သက်ဆိုင်ရာကို သတင်းပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဦးကျော်မြင့်ထွန်းက ပြောသည်။
ဦးကျော်မြင့်ထွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်သည့် တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးဆု ရရှိထားသည့် ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သည်။
လက်နက်ပစ္စည်းများနှင့်အတူ ဖမ်းမိထားသည့် ဆင်သတ်မုဆိုး ၃ ဦးအား သလပ်ခွာ နယ်မြေရဲစခန်း တွင် လက်နက် ဥပဒေပုဒ်မ ၁၉ (စ)၊ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၁ (က)/၄၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး လွတ်မြောက်သွားသူ မောင်အေး အား ဖမ်းဆီးရရေး အတွက် သစ်တောရဲတပ်ဖွဲ့နှင့် သလပ်ခွာ နယ်မြေရဲစခန်းတို့ ပူးပေါင်းရှာဖွေနေကြောင်း သိရသည်။
ဆင်သတ်မုဆိုးများမှာ စီးပွားရေးအကျိုးအမြတ်အတွက် တောဆင်ရိုင်းများကို အဆိပ်လူးမြားး၊ တူမီးသေနတ် များဖြင့် ပစ်ခတ်သတ်ဖြတ်က အစွယ်၊ အရေပြား၊ အသားနှင့် အမြှီးများကို လှီးဖြတ်ရယူကာ ကုန်သည်များမှတဆင့် တရုတ်ပြည် နယ်စပ်သို့ တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။
ဆင်နှင့် ပတ်သက်သည့် ပစ္စည်းများ ဝယ်လိုမှု များလာရာ မကွေးတိုင်း မင်းဘူး၊ စေတုတ္ထရာ၊ မင်းတုန်းဒေသဘက်မှ ဆင်သတ်မုဆိုးများမှာ ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်း ပုသိမ်၊ ငပုတော၊ သာပေါင်းမြို့နယ်များရှိ သစ်တောကြိုးဝိုင်းများအတွင်းရှိ တောဆင်ရိုင်းများကို ၂၀၁၁ ခုနှစ်မှစကာ ဝင်ရောက် ပစ်ခတ် သတ်ဖြတ်နေခြင်း ဖြစ်သည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးစာရင်းများအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ၇ နှစ်တာ ကာလအတွင်း တိုင်းအတွင်း တောဆင်ရိုင်း ၅၉ ကောင်မှာ အစွယ်၊ အရေပြား၊ နှာမောင်းနှင့် အသားများ ရောင်းချရန်အတွက် ဆင်သတ်မုဆိုးများ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၄ နှစ်တာ ကာလအတွင်း နိုင်ငံတဝန်းရှိ သစ်တောကြိုးဝိုင်းများအတွင်း လှည့်လည်ကျက် စားနေသည့် တောဆင်ရိုင်း ၁၁၅ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း သစ်တောရေးရာ ဝန်ကြီးဌာနက ပြုစုထားသည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
တောဆင်ရိုင်း သတ်ဖြတ်ခံရမှု များပြားလာသည့်အတွက် တိုင်းဒေသကြီး ၃ ခုတွင် ကာကွယ်စောင့် ရှောက်ရေး အခြေစိုက်စခန်းများ ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြောဆိုထားသည်။