အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရလက်ထက် သက်တမ်းထက်ဝက် ကာလအတွင်း လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေ ဆိုးရွားစွာ ကျဆင်းနေကြောင်း အသံ (Athan) အဖွဲ့ တာဝန်ရှိသူများက ပြောဆို လိုက် သည်။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ NLD က အစိုးရ တာဝန်ကို ယူခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင် ဘာ လ ၃၀ ရက်တွင် အစိုးရသက်တမ်း ထက်ဝက်ကာလ ရောက်ရှိပြီ ဖြစ်ပြီး အသံအဖွဲ့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့် နှင့် ပတ်သက်သည့် အစိုးရသက်တမ်း ထက်ဝက် အစီရင်ခံစာ မိတ်ဆက်ပွဲကို အောက်တိုဘာလ ၁၈ ရက်က ရန်ကုန် မြို့ ကမ်းနားလမ်းရှိ ဖန်တီးရာရုံးခန်း၌ ပြုလုပ်စဉ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“အရင်တုန်းကဆို ဒီအစိုးရကို အရင်အစိုးရနဲ့ နှိုင်းယှဉ်တာထက် နိုင်ငံတကာ Standard (အဆင့်) တွေ ဘယ်လိုရှိတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေက ဘယ်လို စသဖြင့် အခြေခံထားပြီး ပြောလေ့ရှိတယ်။ သို့သော်လည်း ကျနော်တို့ မထင်မှတ် ထားတဲ့ ကာလအတွင်းမှာ တရားစွဲဆိုမှုတွေက ဆက်တိုက်ဖြစ်ပြီး ဒါတွေကို အစိုးရအနေနဲ့ ထိန်းချုပ် နိုင်တဲ့ အခြေအနေ လည်း မတွေ့ရဘူး”ဟု အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။
NLD အစိုးရသက်တမ်း ထက်ဝက်ကာလအတွင်း သတင်း မီဒီယာသမားများ အပေါ် တရားစွဲဆိုထားမှု ၄၄ ယောက်ရှိပြီး ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ သက်တမ်း တခုလုံးတွင် တရားစွဲဆိုမှု ၄၀ ကျော်သာ ရှိခဲ့သည်ဟု သိရသည်။
မောင်ဆောင်းခက“၂ နှစ်ခွဲ အတွင်းနဲ့ အရင်အစိုးရ ၅ နှစ်ကို မီအောင် လိုက်နေသလို ဖြစ်နေတယ်။ အဲဒီအခြေအနေဟာ ဆိုးရွားတယ်လို့ ပြောချင်တာပါ”ဟု ဆိုသည်။
အသံအဖွဲ့၏ အစီရင်ခံစာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ထားသည့် ဥပဒေများအဖြစ် ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရာတွင် ပုဒ်မ ၆၆(ဃ) ကို မပယ်ဖျက်ခဲ့ခြင်း၊ ယင်းဥပဒေဖြင့် တရားစွဲဆိုခံရသော အမှုပေါင်း (၁၃၄) မှုအထိ ရှိလာခြင်း၊ အစိုးရအပေါ် ဝေဖန်ပြောဆိုမှုများကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ် ပေးရေး ဥပဒေကို အသုံးပြုကာ တရားစွဲ ထောင်ချမှုများ ရှိနေခြင်းတို့ကို ဖော်ပြထားသည်။
ထို့ပြင် ဆွေးနွေးပွဲ/ဆုတောင်းပွဲ များနှင့် ကဗျာရွတ်ဆိုပွဲများပါ ပိတ်ပင် တရားစွဲဆိုမှုများ ရှိလာခြင်း၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)(ဂ)၊ ၁၂၄(က)တို့ဖြင့် သတင်းသမားများအား တရားစွဲဆို ထောင်ချခံရမှု များပြားလာခြင်း၊ ရန်ကုန်တိုင်း ဒေသ ကြီး (၁၁) မြို့နယ်တွင် ဆန္ဒထုတ်ဖော်ခွင့် ပိတ်ပင်ထားခြင်း၊ ငြိမ်းစုစီ ဥပဒေဖြင့် တက်ကြွလှုပ်ရှားသူ (၁၄၂) ဦးအထိ တရားစွဲဆိုခံနေရခြင်းဟူသည့် အချက်အလက်များကိုလည်း အစီရင်ခံစာ၌ ထည့်သွင်းရေးသားထားသည်။
“ဒီမိုကရေစီ အုတ်မြစ်တွေကို ချတဲ့နေရာမှာ တကယ်တမ်း အခြေခံ ရပိုင်ခွင့်ဆိုတဲ့ အုတ်မြစ်တွေကို မချဘဲနဲ့ အာဏာရှိတဲ့ သူတွေကနေ သူတို့ကို ဝေဖန်မယ့် ဟာတွေ အတွက် ခံတပ်တွေပဲ ဆောက်နေတာ စိတ်မကောင်းဖြစ်မိတယ်”ဟု အသံအဖွဲ့ ၏ သုတေသန မန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက လက်ရှိ အာဏာရှိသူများ အနေဖြင့် ရှိပြီးသား မတရားသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင် ရန် မကြိုးစားဘဲ ၎င်းတို့ ကိုယ်ကို ကာကွယ်ရန် အတွက် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ထပ်မံပြဋ္ဌာန်းခြင်းသည် စိုးရိမ် ဖွယ် ကောင်းသည့် အခြေအနေတခု ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
ဥပဒေပြု လွှတ်တော်နှစ်ရပ်ရှိ NLD အမတ် ဦးရေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့အချက်များမှ လွဲ၍ အခြားသော ဥပဒေများအား ပြင်နိုင်၊ ဖျက်နိုင်၊ အသစ်ပြဋ္ဌာန်းနိုင်သည့်အတွက် ကျန်ရှိသည့် အစိုးရသက်တမ်း ထက်ဝက်ကာလတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေသည့် ဥပဒေများအား ပြင်ဆင်စေလိုကြောင်း အသံအဖွဲ့က တိုက်တွန်းထားသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာနိုင်ငံတွင် လွတ်လပ်စွာဖော်ထုတ်ခွင့် အများကြီး ရှိနေ ကြောင်း ဂျပန်နိုင်ငံခရီးစဉ် အတောအတွင်း အောက်တိုဘာ ၆ ရက်က ဂျပန် NHK သတင်းဌာနနှင့် အထူး အင်တာဗျူး အစီ အစဉ်တွင် ပြောဆိုခဲ့ဖူးသည်။
“လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ ပတ်သက်လို့ ပြောပါမယ်။ မြန်မာနိုင်ငံမှာ ဒီကိစ္စအပေါ် စိုးရိမ်နေသူတွေ အနေနဲ့ လူမှုကွန် ရက် မီဒီယာတွေ၊ ပုံမှန် လည်ပတ်နေတဲ့ မီဒီယာတွေကို ၂၄ နာရီလောက် အချိန်ပေး ဆန်းစစ်သင့်ပါတယ်။ အံ့သြစရာ ကိစ္စ တွေ ရှင်မြင်ရမှာပါ။ အစိုးရနဲ့ ပတ်သက်တဲ့ ကိစ္စတွေကအစ သူတို့ နောက်ဖေးလမ်းကြားမှာ ဘာတွေဖြစ်နေတယ် ဆိုတဲ့ အဆုံး ထိ ကိစ္စတိုင်းကို လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော် ပြောဆိုနေကြပါတယ်”ဟု ဒေါ်အောင်ဆန်း စုကြည် က NHK နှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောဆိုထားသည်။
အသံဖွဲ့၏ အစီရင်ခံစာတွင် အစိုးရအပေါ် ဝေဖန်ပြောဆိုမှုများ၊ သတင်းရေးသားမှုများနှင့် ပတ်သက်၍ တရားစွဲဆိုထားမှုများ ကို ပြန်လည် ရုပ်သိမ်းသင့်ပြီး ထောင်ဒဏ် ချမှတ် ခံထားရသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း တိုက်တွန်းထား သည်။
အသံအဖွဲ့ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ယုံကြည်အလေးထားသော လူငယ်များက ဦးဆောင်၍ ၂၀၁၈ ဇန်နဝါရီ ၁၅ ရက်တွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ဆိုင်သော အရေးကိစ္စ များကို ဆောင်ရွက်သည့် အဖွဲ့အစည်းတခု ဖြစ်သည်။