ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာပါ နိုင်ငံတော်၏ နစ်နာမှုများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးနိုင်ရန် ပေးပို့ထားသည့် ဒေါက်တာ ညိုညိုသင်း၏ တိုင်ကြားစာအား အရေးယူဆောင်ရွက်ရန် မရှိသေးကြောင်း ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ယင်းတိုင်ကြားစာကို အောက်တိုဘာ ၁၂ ရက်၌ ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်တွင် ကော်မရှင်က လက်ခံရရှိခဲ့ကြောင်း သိရသည်။
ကော်မရှင်၏ ထုတ်ပြန်ချက်တွင် တိုင်ကြားစာပါ ကိစ္စမှာ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင် ရာ အစိုးရဌာနတို့က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မပြီးပြတ်သေးသည့် ကိစ္စဖြစ် နေခြင်း၊ ၂၀၁၈ ဇွန် ၂၁ရက်နေ့က ပြဋ္ဌာန်းခဲ့သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင် သည့် ဥပဒေမပြဋ္ဌာန်းမီက ကိစ္စဖြစ်နေခြင်း တို့ကြောင့် အရေးယူ ဆောင်ရွက်ရန် မရှိသေးကြောင်း ၂၀၁၈ အောက်တိုဘာ ၁၈ ရက် အစည်အဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။
“ကော်မရှင်အနေနဲ့ အန်တီတင်လိုက်တဲ့ စာကို သုံးရက်အတွင်းမှာ ထိထိရောက်ရောက် မြန်မြန် ဆန် ဆန် အကောင်အထည် ဖော်လိုက်တဲ့အတွက် ကျေးဇူးလည်း တင်တယ်။ မှတ်တမ်းလည်း တင်တယ်။ သုံးရက်အတွင်း ဒီကိစ္စကို ကိုင်တွယ် ဆောင်ရွက်ပြီး အခုလို ထုတ်ပြန် ကြေညာပေးတယ်။ အဲဒီအပေါ် ပွင့်လင်းမြင်သာမှု ရှိတာရော၊ တာဝန်ယူမှုရှိတာရော အများကြီး ကြိုဆိုပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောဆိုသည်။
ဒေါက်တာညိုညိုသင်း၏ တိုင်စာတွင် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး စာရင်းစစ် ချုပ် အစီရင်ခံစာအရ နိုင်ငံတော်၏ ဆုံးရှုံးနစ်နာမှုများကို အချက် ၅ ချက်ဖြင့် ဖော်ပြထားပြီး ယင်းသို့ နစ်နာမှုဖြစ်စေရခြင်းများသည် လုပ်ပိုင်ခွင့်ရှိ သူများ၏ အဂတိမကင်းသည့် ချိုးဖောက်မှုများကြောင့်ဟု ဆိုထားသည်။
ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဒေါက်တာညိုညိုသင်း၏ တိုင်ကြားစာပါ ၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်များ အတွက် ဆောင်ရွက်ခဲ့မှုများ၌ နိုင်ငံတော်ဘဏ္ဍာ နစ်နာဆုံးရှုံးကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ ၃(က)(၂)ပါ အ ဂတိလိုက်စားမှု၏ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက် နှင့် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံရှုံးစေခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်ကို ၂၀၁၈ ဇွန် ၂၁ ရက် စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေတွင်သာ ပုဒ်မ ၃(က)(၂)ဖြင့် ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ် ကြောင်း ကော်မရှင်က ရှင်းပြထားသည်။
အဆိုပါ ရှင်းပြချက်နှင့် ပတ်သက်၍ ဒေါက်တာညိုညိုသင်းက “အန်တီနဲ့ ကော်မရှင်ကြားထဲမှာ ဥပဒေ အနက်အဓိပ္ပာယ်ဖွင့် ဆိုပုံ ကွဲပြားခြားနားတာကို သတိပြုမိတယ်။ နောက်ဆုံးအကြိမ် ပြင်ဆင်ထားတဲ့ ဥပဒေမှာ ၂၀၁၈ မတိုင်ခင်က နိုင်ငံရဲ့ဆုံးရှုံး မှုတွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးမဝင်ရဘူးလို့ တားမြစ်ထားခြင်း မရှိဘူး။ ဒါပေမယ့် ကော်မရှင် အနေနဲ့က နောက်ဆုံးဥပဒေ မတိုင်ခင် နစ်နာမှုတွေဆိုရင် ဒီဥပဒေနဲ့မဆိုင်ဘူးလို့ ပြောချင်ပုံရတယ်။ အတိအကျတော့ မပြောထား ဘူး။ ဒါကြောင့် ဥပဒေပိုင်းဆိုင်ရာ ဖွင့်ဆိုချက်မှာ အန်တီနဲ့ကော်မရှင် သဘောထားကွဲလွဲတယ်” ဟု ဆိုသည်။
ကော်မရှင်၏ ထုတ်ပြန်ချက် အပိုဒ် ၄ တွင်လည်း တိုင်ကြားစာပါ အကြောင်းအရာများသည် တိုင်း စာရင်းစစ်ချုပ် ရုံးက တိုင်း လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ရာ သက်ဆိုင်ရာအစိုးရဌာန တို့က လိုက်နာပြုပြင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကျန်ရှိနေကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တိုင်းစာရင်းစစ်ချုပ်ရုံးအနေဖြင့် လက်ခံနိုင်ဖွယ် ရှိမရှိ ဆက်လက်စိစစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။
ယင်း ဖော်ပြချက်အပေါ် ဒေါက်တာညိုညိုသင်းက “အစိုးရကို အချိန်ပေးလိုက်တယ်။ စာရင်းစစ်ချုပ် ကိုလည်း အချိန်ပေး လိုက်တယ်။ ဒီကိစ္စနဲ့ သက်သက်ဆိုရင် တိုင်ရကျိုးနပ်တယ်။ တိုင်စာမှာပါတဲ့ ဒီဆုံးရှုံးမှုတွေ အချက်အလက်တွေက မှား တယ်လို့ မပြောဘူး။ ဒါကို ဆက်လက်ပြီး သူတို့ ပြင်ဆင် ဆောင်ရွက်ပါမယ်။ ဒီလုပ်ငန်းစဉ်တွေ ကျန်နေသေးပါတယ်လို့ ပြောထားတာဖြစ်တဲ့အတွက် ကြိုဆို တယ်။ အစိုးရအနေနဲ့လည်း တိတိကျကျ ကာလတခုအတွင်းမှာ ပြင်ဆင်မယ်လို့ အန်တီတို့ နားလည် တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ထုတ်ပြန်ချက်အပိုဒ် ၄ အရ စာရင်းစစ်ချုပ်ကလည်း ဆက်လက်စိစစ် ပြင်ဆင် မည်ဟု ဖော်ပြထားရာ ၎င်းအနေဖြင့်လည်း ထုတ်ပြန်ချက်ပါအတိုင်း မည်မျှအတိုင်းအတာ အထိ ဆက်လက်ပြင်ဆင်မည်ကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
ဆက်စပ်ဖတ်ရှု့ရန် – အဂတိလိုက်စားမှု ဆိုရင် ကော်မရှင် အရေးမယူနိုင်စရာ မရှိဘူး
ဒေါက်တာ ညိုညိုသင်း တိုင်ကြားစာ ဥပဒေအတိုင်း ဆောင်ရွက်နေဟု ဆို
အစိုးရကို မြောင်းထဲ ရောက်အောင် လုပ်ဖို့ ကုန်ကြမ်းပေးသလို ဖြစ်သွားတာပေါ့
ရန်ကုန်တိုင်း၌ မြေငှားခစီမံခန့်ခွဲမှု အမှားများကြောင့် ကျပ်ငွေဘီလီယံနှင့်ချီ ဆုံးရှုံးနေ