တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်မည့် ထိပ်သီးညီလာခံတရပ်ကို ယခုနှစ် နိုဝင်ဘာလလယ်ပိုင်းတွင် ပြုလုပ်ရန် လျာထားကြောင်း ညီလာခံဖြစ်မြောက်ရေး အဖွဲ့ ဒုအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က ပြောသည်။
ထိုညီလာခံကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အပါအဝင် အပစ်မရပ်ရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပဒိုစောကွယ်ထူးဝင်း က “ကျနော်တို့အထဲမှာတော့ အဲလို လျာထားတယ်။ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့တွေမှာလည်း အဲဒီသဘောထားတော့ တင်ပြထားတယ်။ ဒါပေမယ့် အသေးစိတ်တော့ မညှိရသေးဘူး။ နေရာကတော့ ကျနော်တို့ အားလုံးပါဝင် တက် ရောက်နိုင်မယ့် နေရာပဲရွေးရမယ်ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ညီလာခံတွင် အဓိကကျသည့် အကြောင်းအရာများဖြစ်သည့် ပြည်ထောင်စုမှ ခွဲမထွက်ရ၊ တခုတည်း သော တပ်မတော် ထားရှိရေး အပါအဝင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေး၊ အပစ်မရပ်သေးသည့် အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးမှုများနှင့် အမြင်သဘောထားများ ညှိနှိုင်းကြမည်ဟု သိရသည်။
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “အဓိက ရည်ရွယ်ချက် ကတော့ မြန်မာပြည်ရဲ့ အနာဂတ် အရေးက ဆုံးဖြတ်ဖို့ တဖြည်းဖြည်းနီးကပ် လာပြီ။ ဒီလိုနီးကပ်လာတဲ့ အချိန်မှာ ဆွေးနွေးကြဖို့ ဖိတ်ခေါ်တာပေါ့။ လာမယ့် နှစ်တွေမှာ အဓိကကျ တဲ့ ဖက်ဒရယ်မူတွေကို ဆုံးဖြတ်ရမယ် ဆိုတော့ အဲဒီမူတွေအပေါ် ကျနော်တို့ ပြည်ထောင်စု အတွင်းမှာ အတူနေထိုင်မယ့် လူမျိုးတွေ အဖွဲ့အစည်းတွေ အားလုံး ပါလေ ပိုကောင်းလေပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအကြိမ် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံတွင် မြောက်ပိုင်း အဖွဲ့များ ပါဝင်နိုင်ရေးကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်သဖြင့် ညီလာခံ ပြုလုပ်မည့် နေရာအား တရုတ်ပြည် သို့မဟုတ် UWSA နှင့် KIO ထိန်းချုပ်နေရာများတွင် ဖြစ်ဖွယ်ရှိကြောင်း တိုင်းရင်းသား ခေါင်းဆောင် အချို့က ဆိုသည်။
အပစ်ရပ် အဖွဲ့များဘက်မှ ညီလာခံကျင်းပမည့်ရက်ကို နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ပြုလုပ်ရန် လျာထားကြောင်း ကြားသိရသော်လည်း FPNCC အဖွဲ့များဘက်ကတော့ ညီလာခံဖြစ် မြောက်ရေး အခြေအနေနှင့် ပတ်သက်၍ သေချာမသိရသေးကြောင်း ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံကို အစိုးရနှင့် အပစ်မရပ်နိုင်သေးသည့် မြန်မာ-တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့ထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) မှ အဖွဲ့အစည်းများလည်း တက်ရောက်နိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
FPNCC တွင် ‘ဝ ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ပါဝင်သည်။
မြန်မာ-အိန္ဒိယ နယ်စပ် အခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) အဖွဲ့အစည်းကတော့ တိုင်းရင်းသား လက်နက်ကိုင် ညီလာခံများတွင် တက်ရောက်လေ့ မရှိတာကြောင့် ယင်းအဖွဲ့ပါဝင်နိုင်ဖွယ်ရှိမရှိ မသေချာသေးဟု ဆိုသည်။