ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ နန်းကစ်ရွာနှင့် ဗဟန်းလော့ ကျေးရွာအကြားတွင် တပ်မတော်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်ဖွဲ့ဝင်များ အကြား အောက်တိုဘာ ၂၀ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
KNPP တပ်မတော် အမှတ် (၁) လက်အောက်ခံ တပ်ဖွဲ့များနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ဖရူဆိုမြို့နယ် အခြေစိုက် ခမရ (၄၂၈) တပ်ရင်းတို့အကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း KNPP ၏ ဖားဆောင်းမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးစောကွယ် က ဧရာဝတီသို့ ပြောသည်။
ဦးစောကွယ် က “တပ်မတော်က နယ်မြေရှင်းလင်းရေး ဆိုပြီးတော့ ဝင်လာတာ ဆက်ဆံရေးရုံးကို အသိမပေးဘဲနဲ့ နယ်ကျွံလာတာပေါ့။ အဲဒီနေရာက KNPP ထိန်းချုပ်တဲ့နေရာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာမှ KNPP တပ်များအကြား ခွာထားပေးကြောင်း၊ တပ်မတော် စစ်ကြောင်း အနေဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိကျေးရွာသို့ အကြောင်းကိစ္စ တခုဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သတင်းပို့ ထားသဖြင့် လာရင်းကိစ္စ ဆောင်ရွက်နိုင်ရန် ခွင့်ပြုထားကြောင်း KNPP ဘက်က ပြောသည်။
အဆိုပါတိုက်ပွဲကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့သော်လည်း သေနတ်သံများကြောင့် တိုက်ပွဲ နောက်ထပ် ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး မေးမြန်းမှုများ ရှိကြောင်း KNPP အတွင်းရေးမုှူး (၁) ခူပလူးရယ် က ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် KNPP တို့အကြား ညှိနှိုင်းသဘောတူထားချက်များ အရ တဘက်နှင့် တဘက် နယ်ကျွံဝင်ရောက်မည် ဆိုပါက ဆက်ဆံရေးရုံးများမှ တဆင့် ကြိုတင်အကြောင်းကြားရန် ပြောဆိုထားကြောင်း သို့သော်လည်း ယခု တိုက်ပွဲဖြစ်ပွားခဲ့သော တပ်မတော် စစ်ကြောင်းများမှာ ကြိုတင်သတင်းပေးခြင်း မရှိခဲ့ဟု ဆိုသည်။
ခူးပလူးရယ် က “နားလည်မှုအရ သွားမယ်လာမယ်ဆိုရင် ကြိုတင်သတိပေးဖို့ ပြောထားတာရှိတယ်။ တပ်မတော်ဘက်က ကြိုတင်သတင်းမပေးဘဲနဲ့ သွားတဲ့ အခါကြတော့ အောက်ခြေမှာ နားလည်မှု လွဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ လူကြီးပိုင်းတွေကတော့ ပြန်ပြီးတော့ ဆွေးနွေးရမှာပေါ့” ဟု ပြောသည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ KNPP နှင့် အစိုးရတို့ အကြား လစဉ်ပုံမှန် တွေ့ဆုံနေကြဖြစ်သော ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း KNPP က ပြောသည်။
KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားသွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLD နှင့်လည်း ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။