ပြည်ထောင်စုအစိုးရ ဦးဆောင်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ပြန်လည်သုံးသပ်ကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးသင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က တိုက်တွန်းလိုက်သည်။
USDP ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က “တိုင်းလွှတ်တော် အတွင်းမှာလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံကိန်း အကောင်အထည်ဖော်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ငွေကြေးသုံးစွဲတဲ့ နေရာမှာပဲ ဖြစ်ဖြစ် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီညွှတ်တာတွေကို တောက်လျှောက် ဝေဖန်နေတာတွေ တွေ့ရတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့ အနေနဲ့ ရန်ကုန်တိုင်းရဲ့ စီမံခန့်ခွဲမှု မှားယွင်းနေတာတွေကို Review (သုံးသပ်ခြင်း) လုပ်သင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး တိုင်းအစိုးရ၏ လုပ်ဆောင်နေသည့် ငွေကြေးကိစ္စများတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ မလျော်ညီစွာ လုပ်ဆောင်နေခြင်းအပေါ် သံသယ ဖြစ်မိသည့်အတွက် ထိုသို့ တိုက်တွန်းရခြင်း ဖြစ်ကြောင်းနှင့် စီမံကိန်းများမှာ လူထုအတွက် အမှန်တကယ် အကျိုးရှိ၊ မရှိ ပြန်လည် စစ်ဆေးစေလိုကြောင်း ဆိုသည်။
USDP ပါတီဘက်မှ ယခုကဲ့သို့ တိုက်တွန်းခြင်းကို ကြိုဆိုကြောင်းနှင့် ပါတီမှ တာဝန်ပေးအပ်ထားသည့် အုပ်ချုပ်ရေးကဏ္ဍ တာဝန်ရှိသူများမှာ ချို့ယွင်းချက်များ ရှိနိုင်ကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တုံ့ပြန်သည်။
“သူ့ (USDP) အနေနဲ့ကတော့ ပြိုင်ဘက်ပါတီဆိုတော့ ကျနော်တို့ပါတီရဲ့ အားနည်းချက်ဆိုပြီးတော့ ထောက်ပြတာပေါ့လေ။ ကျနော်တို့ တာဝန်ပေးထားတဲ့ အုပ်ချုပ်ရေး တာဝန်ယူတဲ့သူတွေ လုပ်ကိုင်တဲ့အခါ ဘယ်လောက်ပဲ စေတနာနဲ့ လုပ်လုပ် တချို့လုပ်ဆောင်ချက်တွေ ချို့ယွင်းတာ ရှိနိုင်ပါတယ်။ အဲဒါကို ကျနော်တို့ အမြဲတမ်းစောင့်ကြည့်ပြီး ပြင်ဖို့လည်း ကြိုးစားနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
NLD ပါတီဝင်များ ခေါင်းဆောင်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များမှာ ပါတီ၏ မူဝါဒနှင့် ညီညွတ်ခြင်း ရှိ၊ မရှိအား စောင့်ကြည့်ထိန်းသိမ်းနေသည့်အပြင် အစိုးရအဖွဲ့ လစဉ် အစည်းအဝေးများတွင်လည်း ထိန်းကွပ်ကြပ်မတ်ခြင်းများကို ပြည်ထောင်စုအစိုးရက လုပ်ဆောင်နေသည်ဟုလည်း NLD ပါတီဘက်မှ သိရသည်။
ရန်ကုန်တိုင်းအစိုးရအား ပြုပြင်ပြောင်းလဲမှု လုပ်သင့်၊ မလုပ်သင့် ဆိုသည်ထက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်၏ မေးမြန်းမှုကို ပြန်လည်ရှင်းလင်းပေးရန်ကိုသာ မျှော်လင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။
၎င်းက “မေးထားတဲ့ မေးခွန်းတွေ၊ သိတဲ့အတိုင်း စာရင်းစစ်ချုပ်ကိစ္စက ဘာမှ ပြန်မပြောတော့ အဲဒါ ခက်နေတာ။ ကျနော်တို့က လွှတ်တော်ကို ရှင်းပြပေးဖို့ မျှော်လင့်နေတာ၊ မျှော်လင့်နေတာကိုမှ နောက်တဆင့်ပေါ့။ အဲဒီ ပြန်ဖြေကြားချက်ဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုရင်တော့ ပြုပြင်ပြောင်းလဲဖို့ လုပ်ရင်လုပ်ရမယ်။ အဲဒီကျမှ စဉ်းစားမှာပေါ့။ တဆင့်ပြီး တဆင့်ပေါ့ဗျာ” ဟု ပြောသည်။
ဦးကျော်ဇေယျသည် တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်အလက်များအရ နိုင်ငံတော်က နစ်နာနေမှုများအပေါ် တာဝန်ရှိသူများအား စစ်ဆေးပေးရန် ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်း ယခု လလယ်ပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်တန်းခဲ့သည်။
တိုင်တန်းစာတွင် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်များကို ကိုးကား၍ လူပုဂ္ဂိုလ် တဦးအား မြေကွက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချခဲ့ခြင်း၊ နာမည်ကြီး လုပ်ငန်းရှင်အား စီမံကိန်း အကြောင်းပြု၍ မြေကွက်များ ပေးခဲ့ရာတွင် ဂရန်နှုန်းထားသစ်ဖြင့် မကောက်ယူသည့်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ ၄၂ ဘီလီယံ နစ်နာခဲ့သည်ဟု ဖော်ပြထားသည်ဟု သိရသည်။
ထို့ပြင် ပြည်သူ့ဥယျာဉ်အား ပုဂ္ဂလိ ကုမ္ပဏီတခုအား ကာလပေါက်ဈေးထက် ဈေးလျော့ ငှားရမ်း၍ လစဉ် ၁ ဘီလီယံ နစ်နာကြောင်း၊ အခြားသော စီမံကိန်းနှင့် မြေငှားရမ်းမှုတို့တွင်လည်း ဘီလီယံနှင့် ချီ၍ နစ်နာနေကြောင်း ပါရှိပြီး ကျော်စော သတင်းသတ်မှတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် စုံစမ်း အရေးယူပေးရန် တိုင်စာတွင် ပါရှိသည်။
ယင်းကိစ္စသည် တိုင်းစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာ အစိုးရဌာနတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများ မပြီးပြတ်ခြင်း၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်က ပြင်ဆင်ပြဋ္ဌာန်းသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခြင်း မပြုမီက ကိစ္စရပ် ဖြစ်သဖြင့် အရေးယူ ဆောင်ရွက်ခြင်း ပြုမည် မဟုတ်ဟု အောက်တိုဘာလ ၂၀ ရက်တွင် ကော်မရှင်က ထုတ်ပြန်ထားသည်။