ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ရန် နိုင်ငံအချို့က အားထုတ်နေခြင်းအပေါ် ဂျပန်နိုင်ငံက လုံးဝ ဆန့်ကျင်ပြီး ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးက အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မည် မဟုတ်ဘဲ သာမန်ပြည်သူများကို အလွန်ထိခိုက်စေလိမ့်မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် မွတ်ဆလင် ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည့် ပြီးခဲ့သည့် နှစ်မှ စ၍ မြန်မာနိုင်ငံသည် မြင့်တက် လာသော နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုများ အောက်သို့ ရောက်ရှိခဲ့သည်။
ဒေသတွင်းမှ လုံခြုံရေးတပ်ဖွဲ့စခန်း များကို ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) က တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးသည့် နောက်တွင် တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အစိုးရက ARSA ကို အကြမ်းဖက် အဖွဲ့အစည်းတခု အဖြစ် ကြေညာခဲ့သည်။
မွတ်ဆလင်များ ထွက်ပြေးသည့် အချိန်ကစ၍ အနောက်နိုင်ငံများက မြန်မာ အစိုးရနှင့် တပ်မတော်အပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရန်နှင့် မြန်မာ့တပ်မတော် ထိပ်တန်းခေါင်းဆောင်များကို အပြည် ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် အပါအဝင် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုအချိန်တွင် ဥရောပသမဂ္ဂ(EU) က မြန်မာနိုင်ငံ အပေါ် “လက်နက်မှအပ အခြားအရာအားလုံး” (EBA) အစီ အစဉ် အရ ပေးအပ်ထားသည့် ကုန်သွယ်ရေး အထူးအခွင့်အရေးများကို ပြန်လည်ရုပ်သိမ်းရန် စဉ်းစားနေသည်။ အကယ်၍ ထိုသို့ ဖြစ်လာခဲ့လျှင် အများစုမှာ အမျိုးသမီးများ ဖြစ်ကြသည့် အထည်ချုပ်စက်ရုံ လုပ်သား ၄၀၀၀၀၀ ကျော် အနေဖြင့် သူတို့၏ အသက်မွေးဝမ်းကျောင်းကို ဆုံးရှုံးလိုက်ရနိုင်သည့် အန္တရာယ် ရှိလာလိမ့်မည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ပြခဲ့ကြသည်။
အဆိုပါ လှုပ်ရှားမှုက “လုံးဝ အဓိပ္ပါယ် မရှိ”ဟု ပြောကြားရင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Ichiro Maruyama က သီးသန့် အင်တာဗျူးတခုတွင် ကုန်သွယ်ရေး အရေးယူ ဒဏ်ခတ်မှုများ ပြုလုပ်ခြင်းက အလုပ်သမားများအပေါ် ပြင်းထန်စွာ သက်ရောက်ခြင်းနှင့် အတူ မြန်မာနိုင်ငံတွင် စီးပွားရေးအရရော နိုင်ငံရေးအရပါ မတည်ငြိမ်မှုများကို ဖြစ်စေလိမ့်မည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့တိုင်းပြည်များ စဉ်းစားနေတဲ့ sanction ဆိုတာကို ဂျပန်နိုင်ငံက လုံးဝ သဘောမတူပါဘူး” ဟု သူက ပြောသည်။ အကယ်၍ EU ၏ ကုန်သွယ်ရေး အထူးအခွင့်အရေး အဆုံးသတ်သွားခဲ့လျှင် အလုပ်သမားများက ပေးဆပ်ရသူများ ဖြစ်သွားမည်ကို သံအမတ်ကြီးက စိုးရိမ်နေသည်။
“အဲဒီလို ပိတ်ဆို့လို့ ရခိုင်ကိစ္စ ကို ရှင်းနိုင်မယ်ဆိုရင် ကျနော်တို့လည်း လုပ်ပါမယ်” ဟု သူကပြောသည်။ သို့သော်လည်း ထိုကဲ့သို့ သော ပြင်းထန်သည့် အကျိုးသက်ရောက်မှုများက အခြေအနေကို ပိုဆိုးသွားစေလိမ့်မည်ဟု ဂျပန် အစိုးရက မြင်သည်ဟု သူက ဆိုသည်။
ဂျပန်နိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေး ကူညီရန် တူညီသော ရည်မှန်းချက်ရှိကြောင်း Ichiro Maruyama က ပြောသည်။ သို့သော် လည်း ထိုရည်မှန်းချက် အောင်မြင်ရေးအတွက် မည်သည့် မူဝါဒက အကောင်းဆုံး ဖြစ်လိမ့်မည် ဆိုသည့် အပေါ်တွင် အမြင်ကွဲပြားမှုများ ရှိနေသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ “ရိုဟင်ဂျာများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” ဟု ၎င်းတို့ယူဆသည်တို့အပေါ် လုံလောက်သည့် တုန့်ပြန်မှုများ မရှိဟု အနောက်နိုင်ငံ အများအပြားက မြင်ကြသည့်အတွက် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ဂျပန်နိုင်ငံက ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ကြားဝင် ဖျန်ဖြေသူနေရာမှ ပါဝင်နေပြီး ရခိုင်ပြည်နယ်မှ ပြဿနာများ ဖြေရှင်းရေးတွင် မြန်မာ အစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်နေသည်။
ယခုနှစ်အတွင်းတွင် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Taro Kono က မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့ပြီး သူ၏ ခရီးစဉ်များမှာ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးနှင့် ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးရေး ဆွေးနွေးရန် အဓိက ဦးတည်ခဲ့သည်။
ဇန်နဝါရီလအတွင်း ဂျပန် အစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လာမည့် ဒုက္ခသည်များကို ကူညီရေး အရေးပေါ် အကူအညီ (Emergency Grant Aid) အဖြစ် ယန်းငွေ သန်း ၃၃၀ (အမေရိကန် ဒေါ်လာ ၃ သန်း) မြန်မာနိုင်ငံသို့ ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ဂျပန် ရင်းနှီးမြှုပ်နှံမှုက ၂၀၁၇ ခုနှစ် တွင် အမေရိကန် ဒေါ်လာ ၁.၄၈ ဘီလီယံ ရောက်ရှိခဲ့သည်။ ယခုနှစ် အတွင်းတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ၁၀ ဦးမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။
“နှစ်ပေါင်း ၅၀ ကျော်ကြာပြီးတဲ့နောက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရတဲ့ အစိုးရတခု အခုချိန် မှာ ရှိလာတဲ့ မြန်မာနိုင်ငံအတွက် သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့က အရေးအကြီးဆုံး ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့က ဒီယုံကြည်မှုကို အခြေခံပြီး မြန်မာနိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်နေပါတယ်” ဟု Ichiro Maruyama က ပြောသည်။
ကုန်သွယ်ရေး အရေးယူဒဏ်ခတ်မှုများ အပြင် မြန်မာ့တပ်မတော်သည် ရိုဟင်ဂျာ အရေးကို ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဖိအားများ နှင့် ရင်ဆိုင်နေရသည်။ ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် လူမျိုးဖြုတ် သုတ် သင်မှုများ ပြုလုပ်ခဲ့သည့် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ ၏ လက်ထောက်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံး (ICC) သို့ လွှဲပြောင်း ပေး ရန် ကုလသမဂ္ဂ၏ အချက် အလက်ရှာဖွေရေး အဖွဲ့(FFM) က တောင်းဆိုထားသည်။ ပြီးခဲ့သည့် လအတွင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အနာဂါတ်တွင် ICC သို့ ပို့ဆောင်တရားစွဲသည့် အခါ အသုံးပြုရန် သက်သေအထောက်အထား ပြင်ဆင်ရေးအတွက် အဖွဲ့တခု တည် ထောင်ရန် မဲပေး ဆုံးဖြတ်ခဲ့သည်။
မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကို ICC သို့ လွှဲပြောင်းပေးရေး အတွက် တောင်းဆိုခြင်းမျိုးနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းများက ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရန် အားထုတ်မှုများကို လမ်းချော်စေလိမ့်မည် ဟု ဆိုသည်။
ရခိုင်ကိစ္စ ကို ရှင်းချင်ရင် NLD ဦးဆောင်တဲ့ အစိုးရနဲ့ မြန်မာ့တပ်မတော်တို့ ပေါင်းပြီး လုပ်မှ ရှင်းနိုင်မှာ ” သူက ပြောသည်။
ရခိုင်ပြဿနာ၏ ရှုပ်ထွေးမှုကို သံအမတ်ကြီးက အလေးအနက်ပြောကြားခဲ့ပြီး ထိုအရေးနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း အမြင်များကြား သိသိသာသာ ကွဲပြားမှုများ ရှိနေကြောင်း သူက ထောက်ပြခဲ့သည်။ အတိတ်ကာလ စစ်အစိုးရကို ဆန့်ကျင်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများက တဘက်တည်းတွင် ရပ်တည်ခဲ့ကြသည်နှင့် ကွဲပြားနေသည်။
ထိုကဲ့သို့ ရှုပ်ထွေးသော ပြဿနာကို လျှင်မြန်စွာ ဖြေရှင်းနိုင်သည့် နည်းလမ်း မရှိကြောင်း Ichiro Maruyama က ပြောသည်။ ထို့ကြောင့် အကယ်၍ မြန်မာအစိုးရက ပြဿနာကို ဖြေရှင်းရန် စိတ်ရှည်သည်းခံစွာဖြင့် အားထုတ်ခဲ့မည်ဆိုလျှင် ဂျပန်နိုင်ငံက ပြည်သူများ၏ အသံကို နားထောင်ရင်း အကောင်းဆုံး အထောက်အကူ ပေးသွားမည်ဟု သူက ပြောသည်။
“ကျနော်တို့က ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းလိုမျိုး အဖွဲ့အစည်းတွေက မြန်မာအစိုးရရဲ့ အသံကို နားလည်အောင် ကူညီဖို့ ကြိုးစားသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုလုပ်ခြင်းကသာလျှင် အပေါင်း လက္ခဏာ ဆောင်တဲ့ ရလဒ်တွေကို ဖြည်းဖြည်းချင်း ရရှိနိုင်ပါလိမ့်မယ်။ ကျနော်တို့ ဒီလိုပဲ ယုံကြည်ပါတယ်။”
(West’s Call for Sanctions Is ‘Utter Nonsense’: Japanese Ambassador ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)