သတင်း

မိုင်းပန်တွင် RCSS နှင့် PNLO နယ်မြေပြဿနာ ဖြစ်ပွား

ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းပန် မြို့နယ်ထဲတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့ နယ်မြေ ပြဿနာ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

မိုင်းပန်မြို့နယ် နားမွန် ကျေးရွာ အုပ်စု ပန်ပီ့ကျေးရွာ တောင်ဘက် စေတီကုန်း အနီး RCSS နှင့် PNLO ကြား နယ်မြေ ကိစ္စနှင့် ပတ်သက်ပြီး အောက်တို ဘာ ၁၆ ရက်က နံနက် ၅ နာရီခွဲခန့်မှ နေ့လယ် ၃ နာရီ အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSS ဘက်က ပြောသည်။

ထိုတိုက်ပွဲ ဖြစ်ပွားမှု အပေါ် အပြန်အလှန် စွပ်စွဲမှုများ ရှိနေပြီး တိုက်ပွဲ အရှိန်မြင့်လာမည်ကို စိုးရိမ်သည့် အတွက် PNLO အနေဖြင့် မိုင်းပန် ဒေသထဲမှ မူလနေရာသို့ ထွက်ခွာသွားရန် RCSS ဘက်က လိုလားလျက် ရှိသည်ဟု ဆိုသည်။

RCSS ၏ ပြောခွင့်ရ ပုဂ္ဂိုလ် တောင်ကြီး ဆက်ဆံရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက“အမှန်ဆို သူတို့ အဲဒီနေရာ ကနေ ဆုတ်ခွာပေးရမှာပေါ့။ လာဖို့ မလိုဘူး။ သူတို့ အရင်တုန်းကလည်း လာနေကြ မဟုတ်ဘူး။ ကျနော်တို့ချင်း ဒါမျိုး နယ်မြေ ပြဿနာတွေ မဖြစ်သင့်ဘူး။ သွားတယ် လာတယ်ဆိုရင်လည်း အရပ်ဝတ်နဲ့လည်း သွားလို့ ရတာပေါ့၊ လက်နက်တွေကိုင် ပြီးတော့ တပ်တွေ၊ ဘာတွေ တည်ဆောက်တာ လုပ်ဖို့ မလိုဘူး”ဟု ပြောသည်။

တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေးနှင့် မိုင်းပန်ဒေသထဲမှ PNLO တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားရေး အတွက် စာပို့ ပြောဆိုရန် ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

RCSS တပ်ဖွဲ့ဝင်များသည် ဒေသခံများကို လူသစ် စုဆောင်းမှုများ အပါအဝင် အခွန် ကောက်ခံခြင်းများနှင့် စားနပ်ရိက္ခာများ တောင်းခံနေခြင်းတို့ကြောင့် လူထုက လုံခြုံရေးပေးရန် တောင်းဆိုသည့် အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း PNLO ဘက်က ပြောဆိုသည်။

PNLO မှ ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက“အခု ကိစ္စကတော့ ရွာသားတွေရဲ့ လုံခြုံမှု အခြေအနေ၊ သူတို့က လာပြီးတော့ ကြည့်ရှု ကူညီပါဦး ဆိုပြီးတော့ ခေါ်လို့ ကျနော်တို့ လူတွေရောက်သွားတဲ့ သဘောမျိုးပါ။ လူသစ်စုတယ်၊ အခွန်ကောက်တယ်။ နောက် သူတို့ရွာက သိပ်မကြီးဘူး။ ဆန်ပုံး ၂၀၀ ပေးရမယ်တို့ စသည်ဖြင့်ပေါ့။ တရွာ ၂ ယောက် ၂ ယောက် လူသစ် ကောက်တယ်။ လူသစ်မပေးနိုင်ရင် အဲဒီ လူသစ် တန်ဖိုးနဲ့ ညီမျှတဲ့ငွေ ပေးချေပေါ့ဗျာ။ အခြေအနေ ဘယ် လို ဖြစ်နေလဲဆိုတာ အဲဒါနဲ့ ကျနော်တို့လည်း လေ့လာရေးသွားတဲ့ သဘောပါ”ဟု ပြောသည်။

အောက်တိုဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် PNLO မှ နယ်မြေခံ အဖွဲ့အစည်းများကို အဆက်အသွယ် လုပ်ရန် ကြိုးပမ်းစဉ် အဆက်အသွယ် မရခင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲများ ဆက်လက် မဖြစ်ပွားရေး အတွက် အကြောင်းကြား စရာရှိသည်ကို အကြောင်း ကြားရန်နှင့် စကားပြောဆိုစရာရှိလျှင် ပြောရန်၊ ပူးပေါင်းဆောင်ရွက်ရန် အောက်ခြေ တပ်များကို မှာကြားထားသည်ဟုလည်း ၎င်းက ပြောဆိုသည်။

RCSS မှ ဒု ဗိုလ်မှူးကြီး စိုင်းဦးကမူ မိမိတို့ အနေဖြင့် လူသစ် စုဆောင်းခြင်းနှင့် အခွန် ကောက်ခံမှုများ မပြုလုပ်ကြောင်း၊ စွပ်စွဲခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“တွေ့ဆုံမှုတွေ ဘာတွေတော့ မရှိသေးပါဘူး။ စာပို့ဖို့တော့ လုပ်နေတယ်။ ပို့ဖြစ်ပြီးလား မပို့ဖြစ်သေးဘူးလားတော့ ကျနော် လည်း မသိသေးဘူး။ လူသစ်စုတာတွေ အမှန်ဆိုရင် မဟုတ်ပါဘူး၊ သူတို့ စွပ်စွဲတာပါ။ ကျနော်တို့ အုပ်ချုပ်မှု နယ်မြေထဲမှာ ရှိတဲ့ အတွက်ကြောင့် ကျနော်တို့ရဲ့ အုပ်ချုပ်ရေးပိုင်နဲ့ပဲ သက်ဆိုင်ပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

မိုင်းပန်မြို့နယ် နားမွန် ကျေးရွာ အုပ်စုတွင် နားမွန်ကျေးရွာ၊ ပန်ပီ့ကျေးရွာ၊ ပန်တဝီကျေးရွာ စသည့် ကျေးရွာကြီး ၃ရွာ ရှိပြီး အိမ်ခြေ ၅၀၀ ကျော်ရှိကာ လူဦးရေ ၄၀၀၀ ကျော် နေထိုင်လျက် ရှိကြောင်း သိရသည်။

ထို ကျေးရွာများတွင် ပအို့ဝ်၊ ရှမ်း၊ လားဟူ လူမျိုးများ နေထိုင်လျက် ရှိသည့်အနက် ပအို့ဝ် လူမျိုးများက အများစု နေထိုင်ကြ ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အဆိုပါ နယ်မြေထဲတွင် ဦးအောင်ခမ်းထီ လှုပ်ရှားခဲ့သော်လည်း ၁၉၉၁ ခုနှစ်က ဦးခင်ညွန့်နှင့် ငြိမ်းချမ်းရေး ယူပြီးနောက် ပအို့ဝ် လက်နက်ကိုင်များ လှုပ်ရှားမှု မရှိတော့ဘဲ ဦးခွန်ဆာ၏ (MTA) တပ်ဖွဲ့တို့ ဝင်ရောက် လှုပ်ရှား လာခဲ့ကြကြောင်း၊ ထို့နောက် ဦးခွန်ဆာ လက်နက်ကိုင်ပြီး RCSS က ဆက်လက် လှုပ်ရှားခဲ့ကြကြောင်း ၎င်းက ပြောပြသည်။

လက်ရှိတွင် မိုင်းပန် ဒေသသည် RCSS ၏ လှုပ်ရှား နယ်မြေ အဖြစ် Bilateral စာချုပ်တွင် သတ်မှတ်ပေးထားကြောင်း သိရသည်။

RCSS နှင့် PNLO တို့သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အပါအဝင် Bilateral အဆင့် အပစ်ရပ်စဲရေး စာချုပ်များကို လက်မှတ် ရေးထိုးထားကြသည့် လက်နက်ကိုင် အဖွဲ့များ ဖြစ်ကြသည်။

အဆိုပါ နှစ်ဖွဲ့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် နယ်မြေ အငြင်းပွားကာ တင်းမာမှု များလည်း ရှိခဲ့ကြဖူးသည်။

Loading