ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦး သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် ရခိုင်လူငယ် ၃ ဦးအား ထပ်မံစစ်ဆေးရန်အတွက် ချုပ်ရမန် နှစ်ပတ် ထပ်ယူခဲ့ ကြောင်း သိရသည်။
ဖမ်းဆီးထားသူ ၃ ဦး၏ ချုပ်ရမန်မှာ ယနေ့တွင် စေ့သွားသော်လည်း ထပ်မံ စစ်ဆေးရန် လိုအပ်သည် ဟုဆိုကာ ရဲတပ်ဖွဲ့က စစ်တွေမြို့နယ် တရားရုံးတွင် ဒုတိယမြောက် ရမန်နှစ်ပတ်အဖြစ် နိုဝင်ဘာလ ၅ ရက်အထိ ချုပ်ရမန် ရယူခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ သုံးဦးအနက်မှ ကိုအောင်ချေ (ခ) အောင်ဇော်လင်းက “ကျနော်တို့ကို နောက်ထပ် စစ်ဆေးဖို့ နိုဝင်ဘာလ ၅ ရက်နေ့ထိ ချုပ်ရမန် ယူပါတယ်။ အဲဒီနေ့ (ကိုဖိုးလုံးသေဆုံးတဲ့နေ့ ) က ဆိုရင် ကျနော် သူငယ်ချင်းတွေနဲ့ စာလုပ်နေပါ တယ်။ ဒီအမှုနဲ့ ကျနော်တို့နဲ့ ဘာမှမဆိုင်ပါဘူး ” ဟု တရားရုံံးမှ အပြန်တွင် သတင်းမီဒီယာများသို့ ပြောသည်။
ကိုအောင်ချေမှာ ဘူးသီးတောင် မြို့နယ်မှ ဖြစ်ကာ စရဖအဖွဲ့ဝင် ကိုဖိုးလုံး(ခ) ဝင်းထိုက် သေဆုံးချိန် တွင် စစ်တွေတက္ကသိုလ်တွင် နောက်ဆုံးနှစ် ရူပဗေဒ အထူးပြုဖြင့် တက်ရောက်နေသူ ဖြစ်ပြီး အောက်တိုဘာလ ၉ ရက် စာမေးပွဲ ဖြေပြီးချိန် ကျောင်းမှအပြန် စစ်တွေမြို့လယ် မီးစက်လမ်းဆုံတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
စရဖတပ်ဖွဲ့ဝင် သေဆုံးမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁၀ ရက်က ကိုမေယုထွန်း (ခ) ဇော်ဝင်း အား စစ်တွေ လောကနန္ဒာ ဘုရားအနီးတွင် လည်းကောင်း၊ ခိုင်ဘိုဘို (ခ) ခိုင်သော်ကို ယင်းနေထိုင် သည့် ပေါက်တောမြို့တို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လူငယ်သုံးဦးအား ချုပ်ရမန် ထပ်ယူရသည့် ကိစ္စနှင့် ပတ်သက်၍ စစ်တွေနယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ် အေးကျော်ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
သို့သော် မေယုထွန်း (ခ) ဇော်ဝင်းကို ဖမ်းဆီးရခြင်းမှာ ရဲတပ်ဖွဲ့က ရရှိထားသည့် အချက်အလက်များ အရ ခေါ်ယူစစ် ဆေးရန် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ရဲအုပ်အေးကျော်က ဧရာဝတီသို့ ဖြေကြားထား ဖူးသည်။
စရဖ တပ်ဖွဲ့ဝင် အသတ်ခံရသည့် နေ့တွင် ကိုမေယုထွန်း (ခ) ဇော်ဝင်းမှာ လွှတ်တော် ကိုယ်စားလှယ် အချို့နှင့်အတူ ရသေ့တောင်မြို့နယ်၊ ကံပြင်ကျေးရွာသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ် ရောက်နေချိန် ဖြစ်ကြောင်း သိရသည်။
ကိုမေယုထွန်း(ခ) ဇော်ဝင်းက “ကျနော်တို့ ပြောချင်တာက အခုဖြစ်စဉ်မှာ ကျနော်တို့နဲ့လုံးဝ မသက် ဆိုင်ဘူး ဆိုတာ အကုန်လုံးသိတယ်။ ကျနော် အဲဒီနေ့က ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာမှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စောဝေ ၊မြေပုံအမတ် ဦးအောင်ဝင်းတို့နဲ့ အတူ ရှိနေတယ်” ဟု ဆိုသည်။
၎င်းသည် ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ လူငယ်တဦးဖြစ်ပြီး ရသေ့တောင် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါတီအောင် နိုင်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ဖြစ်သည်ဟု သိရသည်။
အခြားဖမ်းဆီးခံရသူ ပေါက်တောမြို့ခံ ကိုခိုင်ဘိုဘို (ခ) ခိုင်သော်မှာ စရဖတပ်ဖွဲ့ဝင် သေဆုံးမှုနှင့် သက်ဆိုင်မှု မရှိကြောင်း ကို “ကျနော် အဲဒီအချိန်က သူငယ်ချင်း ၅ ယောက်နဲ့ စစ်တွေ ကမ်းခြေမှာ ဘီယာသောက်နေတယ်။ ဖေ့စ်ဘုတ်ဖွင့် ကြည့် တော့ ဝင်္ကဘာကွင်းမှာ သေနတ်ပစ်ခံရလို သေဆုံးတဲ့ သတင်းတက်နေတာကို တွေ့တယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ် အပေါ် မှာ အခုလို ကျနော်တို့ကို ဖမ်းတာက မတရားလုပ်တာလို့ပဲ မြင်မိတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့လယ် ဝင်္ကဘာကွင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၉ နာရီ အချိန်ခန့်က စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့တွင် တပ်ကြပ်အဆင့် ရှိသူ ကိုဖိုးလုံး(ခ)ဝင်းထိုက်မှာ အမည်မသိ သေနတ်သမားတဦး၏ ပတ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
၎င်းတို့အား ဖမ်းဆီးထားခြင်းမှာ စရဖ တပ်ဖွဲ့ဝင် သေဆုံးမှုနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် လူငယ်များ ကို ထိန်းချုပ်လိုသည့်အတွက် ဖြစ်ကြောင်းကို “ကျနောတို့ကို ဒီဖြစ်စဉ်နဲ့ ဖမ်းတယ်လို့ မထင်ဘူး ။ နိုင်ငံရေးအရ တက်ကြွ တဲ့ လူငယ်တွေကို ဖြိုခွဲတယ်လို့ မြင်တယ်” ဟု ကိုမေယုထွန်း (ခ) ဇော်ဝင်းက ဆိုသည်။