သတင်း

မန္တလေး စက်မှုဇုန် ရေဆိုး သန့်စင် စက်ရုံ တည်ဆောက်မည်

Want create site? Find Free WordPress Themes and plugins.

မန္တလေး စက်မှုဇုန် အတွင်းရှိ သားရေနယ် လုပ်ငန်း စက်ရုံများမှ ထွက်ရှိသော ရေဆိုးများအတွက် ဗဟို ရေဆိုး သန့်စင် စက်ရုံကို တည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရသည်။

အဆိုပါ စက်ရုံကို မန္တလေး စက်မှုဇုန် အတွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများမှ Wastewater Treatment ကို လုပ်ဆောင်နိုင်ခြင်း မရှိခြင်းကြောင့် လုပ်ငန်း ဆက်လက် လည်ပတ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒိန်းမတ် နိုင်ငံက ကူညီပေးသည်ဟု ဆိုသည်။

မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်က “သားရေနယ် လုပ်ငန်း ၂၃ ခု ရဲ့ စက်ရုံ ထွက် ရေဆိုးသန့်စင်ရေး အတွက် ပြင်ပ ကုမ္ပဏီတွေနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ငွေကြေး ပြဿနာ ကြောင့် အဆင် မပြေခဲ့ဘူး။ အခုတော့ ဒိန်းမတ် နိုင်ငံက ထောက်ပံ့ငွေ၊ SME လုပ်ငန်းရှင်များရဲ့ ထည့်ဝင်ငွေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု သူ၏ Facebook စာမျက်နှာ၌ ပြောကြားထားသည်။

ဗဟိုရေဆိုး သန့်စင် စက်ရုံ တည်ဆောက်နိုင်ရေး ဒိန်းမတ်နိုင်ငံမှ RBF (Responsible Business Fund) က ထောက်ပံ့ ငွေ ၆၅ ရာခိုင်နှုန်း၊ SME သားရေနယ် လုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ ၃၅ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် အောက်တိုဘာ ၁၈ ရက်က သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ရုံကို Myanmar Water Engineering and Products Co.,Ltd (MWEP) က အောက်တိုဘာ၂၈ ရက် တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ကာ ၆ လအတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ပြီး စက်ရုံအတွက် ကုန်ကျ စရိတ်မှာ ကျပ်ငွေ သိန်း ၅ ထောင်ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြသည်။

ယင်းစက်ရုံ ပြီးစီးပါက သားရေနယ် စက်ရုံများ၏ စုပေါင်း ရေဆိုး သန့်စင်နိုင်မည့် စနစ် (Central Industrial Wastewater Treatment System)ဖြင့် တနေ့လျှင် ရေဆိုးဂါလန် ၆ သောင်းကျော် သန့်စင်ပေးသွားမည်ဟု သိရ သည်။

မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက“တာဝန်ယူမှု တာဝန်ခံမှုတော့ ပေးရ မယ်။ သတ်မှတ်တဲ့ စံချိန်၊ စံညွှန်းတွေ ရှိရမယ်။ စက်ရုံ ညစ်ညမ်းမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိအောင် ပေးတာပေါ့။ ညစ်ညမ်း မှု အပေါ် မူတည်ပြီး ပေးတဲ့ ကုန်ကျစရိတ် အပေါ်မှာ စက်ရုံတွေက လိုတာစိုက်ပေါ့။ သားရေ စက်ရုံတွေကို အဓိက ထားတာ။ သားရေစက်ရုံက အတော်ဆိုးတယ်။ အရက်ချက် စက်ရုံပြီးရင် သူပဲ။ ဒါကြောင့် ဦးစားပေးတာပါ” ဟု ပြောသည်။

ဒိန်းမတ် နိုင်ငံမှ RBF သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆိုင်သော လျှပ်စစ် စွမ်းအား ချွေတာခြင်း၊ ရေ အရင်း အမြစ် အသုံးပြုခြင်း၊ ရေသုံးစွဲမှု ချွေတာခြင်း၊ စားသောက်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေး၊ နည်းပညာ အကူ အညီ၊ လုပ်သားများအား နည်းပညာ သင်ကြားပေးခြင်း၊ လူစွမ်းအား အရင်းအမြစ် မြှင့်တင်ခြင်း စသည့် နယ်ပယ် ၇ မျိုး ကို ဒိန်းမတ် နိုင်ငံသားများထံမှ ကောက်ခံရရှိသော အခွန်များမှ ကူညီပေးကြောင်း သိရသည်။

မန္တလေး စက်မှုဇုန်၂ ၊ သားရေနယ် လုပ်ငန်းရှင် အသင်း အစုအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးက“ကျနော်တို့ ဘက်နေ လုပ်ငန်း ကို ပြရမယ်။ ဒိန်းမတ်က သတ်မှတ်ထားတဲ့ လုပ်ငန်း ၇ မျိုးထဲက ရေအရင်းမြစ်ကို အသုံးချတဲ့ လုပ်ငန်းတွေ ဖြစ်သလို သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ အတွက် အဲဒီ လုပ်ငန်းတွေ ဆက်လက်ပြီး ရှင်သန် လုပ်ကိုင်နိုင်အောင် ငွေကြေးနဲ့ နည်းပညာပိုင်းကို ပံ့ပိုး ကူညီ ပေးတာပါ”ဟု ပြောဆိုသည်။

လက်ရှိ၌ ရေဆိုး စွန့်ထုတ်နိုင်ရန် အတွက် မန္တလေး စက်မှုဇုန် အတွင်း၌ ၂၀၁၄ ခုနှစ်က မန္တလေးမြို့တော် စည်ပင် သာယာ ရေး ကော်မတီမှ တည်ဆောက်ပေးထားသည့် စုပေါင်းကန် အတွင်းသို့ အချင်း ၁၀ လက်မ စည်ပင် ပိုက်လိုင်းမှ တဆင့် ရေဆိုးများ စွန့်ထုတ်မှုကို ပြုလုပ် နေရကြောင်း သိရသည်။

“အဲဒီလို စွန့်ထုတ်နေတာ နည်းပညာပိုင်း ပါဝင်မှု မရှိခဲ့ပါဘူး။ အခု နောက်ပိုင်းကျတော့ အဲဒီ အတိုင်း စွန့်ပစ်လို့ မရ တော့ဘဲ နည်းပညာပိုင်းတွေ ထည့်သွင်းပြီးမှ ရေဆိုးစွန့်ထုတ်ခွင့်ပြုတော့မယ် ဆိုပြီး ညွှန်ကြားချက်တွေ ထုတ်ပြန်လာ တော့ ကျနော် တို့ လုပ်ငန်းရှင်တွေ စုပေါင်းပြီး ရုန်းတော့ ရုန်းခဲ့ကြတယ်။ ငွေကြေး အခက်အခဲကြောင့် မအောင်မြင်ခဲ့ ပါဘူး”ဟု ဦးအောင်စိုးက ပြောသည်။

ဆက်လက်၍ ၎င်းက“လက်ရှိမှာ သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ် (EMP) လုပ်ရမယ် ဆိုပြီး ထွက် လာ တော့ မဖြစ်မနေ လုပ်ရတော့မယ့် အပိုင်းတွေ ဖြစ်လာတယ်။ အဲဒီမှာ ကျနော် SME လုပ်ငန်းရှင်တွေ အနေနဲ့က မလုပ်နိုင် တဲ့ အခြေအနေမှာ မြို့တော်ဝန် ကိုယ်တိုင် ဒိန်းမတ်နိုင်ငံနဲ့ ချိတ်ဆက်ပေးပြီး ကူညီပေးခဲ့ရာကနေ အခုလို ဖြစ်ပေါ် လာတာပါ”ဟုလည်း ပြောဆိုသည်။

မန္တလေး စက်မှုဇုန် အတွင်း၌ SME သားရေနယ် လုပ်ငန်း စက်ရုံ ၂၃ ရုံ ရှိပြီး ဗဟို ရေဆိုးသန့်စင် စက်ရုံကို သားရေ နယ် လုပ်ငန်းရှင် ၂၃ ဦး စုပေါင်း လုပ်ဆောင်ခဲ့ခြင်းကြောင့် သားရေနယ်စက်ရုံများ၏ ရေဆိုးစွန့်ထုတ်မှု အတွက် အဓိက အသုံး ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading