သတင်း

ကုန်သွယ်ရေးစစ်ကြောင့် အရှေ့တောင်အာရှသို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်လာ

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ် ပြင်းထန်လာမှုကြောင့် အရှေ့တောင်အာရှဒေသသို့ ကုမ္ပဏီ လုပ်ငန်း အများစု ပြောင်းရွှေ့ထုတ်လုပ်ရန် တွန်အားပေးလာ၍ ဒေသတွင်း တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အလုံးအရင်းဖြင့် ဝင်လာသည့် အလားအလာကောင်းလျက်ရှိကြောင်း Bangkok Post သတင်းကဆိုသည်။

တောင်ကိုရီးယား ဟိုဆောင်ကော်ပိုရေးရှင်း၏ အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံတန်ဖိုးရှိ ပိုလီပရို ပလင်း(ပလတ်စတစ်တ မျိုး) ထုတ်လုပ်မှု စီမံကိန်းကြောင့် ၂၀၁၈ ခုနှစ် ပထမ ၉လတာ အတွက် ဗီယက်နမ်နိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းခုန်တက်သွားခဲ့ကြောင်း မလေးရှားအခြေစိုက် မေဘဏ် Kim Eng သုတေသနလုပ်ငန်းက တနင်္လာနေ့တွင် မှတ်ချက်ချသည်။

ထိုင်းနိုင်ငံတွင်လည်း အသားတင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) သည် ယခုနှစ်အသားတင် ၅၃ ရာခိုင်နှုန်း ရှိရာမှ အမေရိကန်ဒေါ်လာ ၇.၆ ဘီလျံ အထိ မြင့်တက်လာသည်နှင့်အတူ ကုန်ထုတ် လုပ်မှု မှာလည်း ၅ကြိမ်နီးပါး တဟုန်ထိုးမြင့် တက်လာကြောင်း ထိုင်းဗဟိုဘဏ်မှ ထုတ်ပြန်ချက် များအရသိရသည်။

ဖိလစ်ပိုင်နိုင်ငံတွင်လည်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု သည်လည်း နှစ်စတွင် အသားတင် အမေရိကန်ဒေါ်လာ ၁၄၄သန်းရှိရာမှ ၈၆၁သန်းအထိ မြင့်တက်လာကြောင်း သိရသည်။

May Bank ၏ စီးပွာားရေးပညာရှင် ချွာဟက်ဘင်နှင့် လီချူရဲတိုက “တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး စစ်မှ စီးပွားရေး လုပ်ငန်းများသည် သွင်းကုန်အပေါ် စည်းကြပ်ခွန် ကောက်ခံမှုကို ရှောင်တိမ်းရန် အာဆီယံနိုင်ငံများဆီ လှည့်လာကြောင်း မှတ်ချက်ချသည်။

“လူသုံးကုန်၊ စက်မှုထုတ်ကုန်၊ နည်းပညာနဲ့တယ်လီကွန်ပစ္စည်း၊ မော်တော်ယာဉ်၊ ဓာတုပစ္စည်းများစတဲ့ ကုန်စည်ကဏ္ဍတွေ ဟာ အရှေ့တောင်အာရှဘက်ကို ရင်းနှီးမြှုပ်နှံလာပါတယ်” ဟု ၎င်းတို့မှတ်ချက်တွင် ထည့်သွင်းပြောဆိုသည်။

အခွန်စည်းကြပ်မှု ရှောင်ရှားနိုင်ရန် စီးပွားလုပ်ငန်းများ အနေဖြင့် တရုတ်နိုင်ငံအပြင် အခြားရွေးချယ် စရာ အခြေစိုက် လိုအပ်လာခြင်းကြောင့် အရှေ့တောင်အာရှသည် ကုန်သွယ်ရေးစစ်မှ သက်သာရာ ဒေသအဖြစ် ရှုမြင်လာကြသည်။

တရုတ်နိုင်ငံရှိ အမေရိကန် ကုမ္ပဏီပေါင်း ၄၃၀ ကျော်တို့၏ သုံးပုံတပုံသည် ကုန်သွယ်ရေးစစ် တင်းမာမှုဝန်းကျင်မှ အခြား တနေရာသို့ ပြောင်းရွှေ့ထုတ်လာကြသည် (သို့မဟုတ်) ပြောင်းရွှေ့ရန် စိတ်ကူးလာကြသည်ဟု သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ကောက်ယူထား သောစစ်တမ်းတစောင်က ဆိုသည်။

ဟောင်ကောင်အခြေစိုက် Natixis Asia Ltd ၏ ဝါရင့် စီးပွားရေး ပညာရှင် ထရင်ငုယင်က “အရှေ့တောင်အာရှ ဟာ အလွန်ကြီးမားတဲ့ဈေးကွက်အဖြစ်နဲ့ရော စရိတ်ကျဉ်းတဲ့ကုန်စည်တွေကို ပြည်ပရေကြောင်းတင်ပို့နိုင်တဲ့နေရာအဖြစ်နဲ့ရော ရပ်တည်နေတဲ့အတွက် ကုန်သွယ်မှုဖြေလျော့မှုအပြင် ပထဝီဝင်နိုင်ငံရေးအရလည်း သက်သာချောင်ချိစေပါတယ်” ဟု ပြောသည်။

သို့သော အရှေ့တောင်အာရှသည် ကုန်သွယ်ရေးအငြင်းပွားမှုဒဏ်မှ ခံနိုင်ရည် အတော်အတန်မရှိ သေးသည့် နမူနာအဖြစ် ထိုင်းနိုင်ငံတွင် စက်တင်ဘာလက မမျှော်လင့်ဘဲ တင်ပို့ကုန်များ သောင်တင်နေမှုကို ကုန်သွယ်ရေးစစ်၏ ဂယက်တခု အနေဖြင့် ထောက်ပြကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading