တရုတ်နှင့်အာဆီယံနိုင်ငံများ၏ ရေတပ်အချင်းချင်း တရုတ်တောင်ဘက် ကမ်းရိုးတန်းတလျှောက်တွင် ပူးတွဲပင်လယ်ပြင် စစ်ရေးလေ့ကျင့်ခြင်းကို မနေ့က စတင်ခဲ့သည်။
အာဆီယံ-တရုတ်ပူးတွဲရေတပ် လေ့ကျင့်ခြင်းကို တောင်တရုတ်ပင်လယ်ပြင်ရှိ ကွမ်တုံ(ကန်တုံ) ပြည် နယ်၊ Zhanjiang ဆိပ်ကမ်းတွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပြီး ယင်းနေရာတဝိုက်သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူးနိုင်းစသည့် အာဆီယံလေးနိုင်ငံတို့အား တရုတ်က ၎င်းပိုင်နက်အဖြစ် အသိအမှတ်ပြုရန် ထပ်တလဲလဲတောင်းဆိုနေသည့် နေရာဖြစ် သည်။
Ma Xie ရေတပ်အခြေစိုက်စခန်းတွင် ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံ+တရုတ် ၁၁ နိုင်ငံ လုံးမှ ကိုယ်စားလှယ် များတက်ရောက်ခဲ့ကြပြီး တောင်တရုတ်ပင်လယ်၏ အရေးပါမှု အကြောင်း ကို စင်ကာပူရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လျူချွန်ဟောင်က အလေးထားပြောကြားခဲ့ပြီး ယင်းပင်လယ် ပြင်တည်ငြိမ်လုံခြုံမှုရှိလျှင် မိမိဒေသတွင်းနိုင်ငံအချင်းချင်း အပြန်အလှန်အကျိုးစီးပွားရှိမည်ဟု ဆိုသည်။
၎င်းက ၁၉၈၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂကွန်ဗင်းရှင်းနှင့် ယမန်နှစ် က အာဆီယံနှင့် ဒေသတွင်းအင်အားကြီးနိုင်ငံများ သဘောတူခဲ့သည့် ရေတပ်ချင်း ထိပ်တိုက် ရင်ဆိုင်မှုရှောင်လွှဲရေးကျင့်ဝတ်စည်းကမ်းကို စံနမူနာအဖြစ် ချပြခဲ့သည်။
တနင်္ဂနွေနေ့က တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေဖန်ယိက အာဆီယံကိုယ်စားလှယ် များ နှင့်အစည်းအဝေးတွင် ပြောကြားရာ၌ ယခုစစ်ရေးလေ့ကျင့်မှုသည် တရုတ်-အာဆီယံဆက်ဆံရေး သမိုင်းတွင် အရေးကြီးသောမှတ်တိုင်တခုဟု သတ်မှတ်ပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် နှစ်ဘက်လုံးက ယုံကြည်စိတ်ချခြင်းနှင့် ဆုံးဖြတ်ချက် ခိုင်မာခြင်းကို ပြသရာရောက်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယခုပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်က ၂၀၁၅ ခုနှစ်၌ အဆိုပြုခဲ့ပြီး ဗိုလ်ချုပ်ကြီးဝေနှင့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများက ပြီးခဲ့သည့်ဖေဖော်ဝါရီလအစည်းအဝေးတခုတွင် သဘောတူညီ ခဲ့ခြင်းဖြစ်သည်။
ယခင်သီတင်းပတ်က စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်း အဝေးတွင် ၎င်းတို့က အာဆီယံ-တရုတ်ရေတပ်လေ့ကျင့်ခြင်း ပူးတွဲပြုလုပ်ရန် ထပ်မံအတည်ပြု ခဲ့ကြပြီး နောက်နှစ်တွင် အလားတူစစ်ရေး လေ့ကျင့်မှုကို အမေရိကန်ရေတပ်နှင့် ပြုလုပ်ကြရန် သဘောတူညီမှုရရှိခဲ့သည်။
နောက်နှစ် ရေတပ်လေ့ကျင့်မှုသည် အာဆီယံ ၁၀ နိုင်ငံနှင့်အမေရိကန်တို့ ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်မှုဖြစ်မည်ဖြစ်ပြီး တရုတ်နှင့်အမေရိကန်အကြား အင်အားချိန်ခွင်လျှာ ညီမျှရေးအတွက် ရည်ရွယ်သည်။ အဆိုပါအင်အားကြီးနှစ်နိုင်ငံသည် ဒေသတွင်းကို လွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိရာ အထူးသဖြင့် တောင်တရုတ်ပင်လယ်ကို ပစ်မှတ်ထားနေသည်။