နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ခိုင်မာစေရန် လုပ်ဆောင်နေသည့် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း Kaladan Multi-Model Transit Transport Project အရ စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝ ကုန်းတွင်းဆိပ်ကမ်းနှင့် ၎င်းတို့နှင့်ပတ်သက်သော လုပ်ငန်းသုံးကိရိယာ အဆောက်အအုံများကို စီမံရန်အတွက် ပုဂ္ဂလိက ဆိပ်ကမ်းစီမံခန့်ခွဲသူ ခန့်အပ်ရန် သဘောတူညီချက်ကို အိန္ဒိယနှင့် မြန်မာ နိုင်ငံတို့လက်မှတ်ရေးထိုးခဲ့သည်။
ထိုသဘောတူညီချက်ကို အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ဗီဂျေး ဂိုခါလေ အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ တရက်ကြာလာရောက်လည်ပတ်စဉ် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်သည် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးဝင်းခန့်နှင့်ဆွေးနွေးခဲ့သည်။
နိုင်ငံခြားရေး အတွင်းဝန်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံခဲ့သည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိုသာမက ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်သော ဒေသတွင်းနှင့် နိုင်ငံတကာနှင့်ပတ်သက်သောကိစ္စများကိုလည်း ထိုသို့တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဟု အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖေါ်ပြထားသည်။
နိုင်ငံခြားရေးအတွင်းဝန်သည် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကိုလည်း သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် အိန္ဒိယ နိုင်ငံက တည်ဆောက်နေသည့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့သည်။
လက်မှတ်ရေးထိုးခဲ့သော အထက်ပါ နားလည်မှုစာချွန်လွှာသည် အိန္ဒိယနိုင်ငံ အပါအဝင် အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးကို တိုးတက်စေပြီး ဒေသတခုလုံး၊ အထူးသဖြင့် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များ၏ တိုးတက်မှုကိူ အကျိုးပြုသောကြောင့် အိန္ဒိယနိုင်ငံ၏ အရှေ့ဖက်သို့ မျက်နှာမူသော မူဝါဒကို အကောင်အထည်ဖော်ရာတွင် ကြီးမားသော တိုးတက်မှုဖြစ်သည်။ ထို နားလည်မှုစာချွန်လွှာသည် ဒေသ၏ သယ်ယူပို့ဆောင်ရေးစွမ်းရည်ကိုလည်း မြှင့်တင်ပေးပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများပိုမို ဖန်တီးပေးမည်ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
နိုင်ငံခြားရေး အတွင်းဝန်သည် ခရီးစဉ်အစောပိုင်းတွင် မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် နယ်စပ်လုံခြုံရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့်ညရခိုင်ပြည်နယ်မြောက်ပိုင်း အြခေအနေတို့နှင့်ပါတ်သက်ပြီး ဆွေးနွေးခဲ့သည်။
အိန္ဒိယ နိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး၊ ပြည်သူချင်းဆက်ဆံရေး၊ စီးပွားရေနှင့် ကူးသန်းရောင်းဝယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးအတွင်းဝန်က ပြောကြားခဲ့သည်။