မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် သူ၏ ဘဏ္ဍာရေး အကြီးအကဲတို့ကို ရင်းဂစ် ၆.၆၄ ဘီလျှံ( ဒေါ်လာ ၁.၆ ဘီလျှံ) ယုံကြည်အပ်နှံ ဖောက်ဖျက်မှုဖြင့် ပူးတွဲတရားစွဲဆို လိုက်သည်။
နိုင်ငံတော် ရန်ပုံငွေ 1 MDB အရှုပ်တော်ပုံနှင့် ပတ်သက်၍ ယခင်က နာဂျစ်အပေါ် အဂတိလိုက်စားမှု၊ ငွေကြေးခဝါချမှု အပါအဝင် အမှုပေါင်း ၃၂မှု ဖြင့် စွဲဆိုထားရာမှ နောက်ထပ် ၆မှု ထပ်မံတိုးကာ စွဲဆိုလိုက်ခြင်းဖြစ်သည်။
နာဂျစ်နှင့် သူ၏ ဘဏ္ဍာရေး အကြီးအကဲ မိုဟာမက် အာဝင် ဆာရီဂါ အဗ္ဗဒူလာတို့ကမူ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ အတွင်း ထိုငွေများကို အလွဲသုံးစားခြင်း မရှိကြောင်း ထွက်ဆို ကြသည်။
ထိုငွေ၏ တစိတ်တပိုင်းသည် ဆင်းရဲသူများအတွက် ထောက်ပံ့ကြေးနှင့် လေဆိပ် စီမံခန့်ခွဲမှုစရိတ် ဖြစ်ကြောင်း ဖော်ပြသော်လည်း မလေးရှားမီဒီယာများကမူ ထိုငွေများကို 1MDB ၏ အကြွေးများ ဆပ်ရန် သုံးခဲ့သည်ဟု ဖော်ပြသည်။
ထိုသို့ အချိန်ကပ်တရားစွဲဆိုခြင်းကို နာဂျစ်အားထောက်ခံသူများ ဝိုင်းဝန်းကန့်ကွက်ကြရာ နာဂျစ်၏ အထူးအရာရှိဟောင်း အစ္စဟန်ဂျာလေလည်း ပါဝင်ပြီး စွပ်စွဲခံရသူများသည် တရားရုံးသို့မရောက်မီ ပြင်ဆင်ချိန် တနာရီခန့် သာရခဲ့သည်ဟုသူပြောသည်။
“ဒါမျိုးတခါမှ မကြားဖူးဘူး။စွဲချင်တာမြန်လွန်းတယ်၊ ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ ရှေ့နေချုပ်ကို မေးချင်တယ်” ဟု အစ္စဟန်ဂျာလေက ပြောပြီး၊ ရှေ့နေချုပ်အနေဖြင့် ထိုသို့ အချိန်ကပ် တရားစွဲဆိုခြင်း ကို အရေးယူရန် ကွာလာလမ်ပူ တရားရုံးတွင် သူကဆိုသည်။
စွဲချက်သစ် ၆ ခု ထပ်မံတိုးခြင်း ကို နံနက် ၈ နာရီ ၅၅ မိနစ်ကမှသိရကြောင်း နာဂျစ်၏ အကျိုးဆောင် အဖွဲခေါင်းဆောင် တန် ရှရီ မိုဟာမက် ရှဖီး အဗ္ဗဒူလာ ကပြောပြီး တရားမစွဲမီ စွဲချက်ကိုဆိုင်းငံ့ရန် တောင်းဆိုခဲ့သည်။