NLD ပါတီမှ နုတ်ထွက်ထားသူ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဦးတင်အောင်ထွန်း အပါအဝင် အမျိုးသားလွှတ်တော်အမတ်နှစ်ဦးကို NLD ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ဒေါက်တာမျိုးညွန့်က မီဒီယာများကို ပြောကြားခဲ့ရာတွင် ပါဝင်သည့်အချက်များကြောင့် ၎င်း ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့၍ မင်းဘူးမြို့မရဲစခန်းတွင် အောက်တိုဘာလ ၂၃ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်အောင်ထွန်းက ပြောသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် စက်တင်ဘာလ ၂၃ရက်က ပြုလုပ်သော NLD ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီးတွင် ဒေါက်တာမျိုးညွန့်က နုတ်ထွက်စာတင်ထားသည့် ပါတီဝင်အမတ်နှစ်ဦးကို နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း၊ ၎င်းတို့သည် ပြစ်ချက်မရှိဘဲ ပါတီစည်းကမ်းတင်းကျပ်လွန်းခြင်းနှင့် ပါတီကို အလှူငွေထည့်ဝင်ရခြင်းတို့ကြောင့် နုတ်ထွက်လိုခြင်းဖြစ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။
“သူက ပြီးခဲ့တဲ့ ၂၃.၉.၂၀၁၈ ရက်နေ့တုန်းက နေပြည်တော်စည်ပင်ရိပ်သာမှာ ဗဟို CEC အစည်းအဝေး အပြီးမှာ သတင်းမီဒီယာတွေကို ပြောလိုက်တဲ့၊ ကျနော်နဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဒီဥပဒေနဲ့ ညိစွန်းတယ်ဆိုပြီး ကျနော်က ယုံကြည်တဲ့အတွက် အမှုဖွင့်ခြင်း ဖြစ်ပါတယ်၊ မဟုတ်တာကို ပြောတဲ့အတွက် ကျနော့်ဂုဏ်သိက္ခာကို ထိခိုက်တာကြောင့် ဒီဥပဒေနဲ့ တရားစွဲတာပါ” ဟု ဦးတင်အောင်ထွန်းက ပြောသည်။
ဦးတင်အောင်ထွန်းက ပါတီဝင်အဖြစ်ခံယူလိုခြင်း မရှိတော့သဖြင့် နုတ်ထွက်ခွင့်ပြုရန်သာ တင်ပြခဲ့ပြီး ဒေါက်တာမျိုးညွှန့် ပြောကြားသကဲ့သို့ အခြားအကြောင်းပြချက်များ တင်ပြခဲ့ခြင်း မရှိကြောင်း ဆက်လက်ပြောသည်။
အဆိုပါကိစ္စအပေါ် ဒေါက်တာမျိုးညွန့်က တရားစွဲဆိုပါက ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ပါတီမှ နုတ်ထွက်သွားသူများအပေါ် သက်ညှာကာ ထိန်းသိမ်းပြောဆိုခဲ့ခြင်းဖြစ်ပြီး နာမည်တပ်ပြောဆိုခဲ့ခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုသည်။
ဒေါက်တာမျိုးညွန့်က“နောက်ပြီးတော့ ဦးတင်အောင်ထွန်းက ဒီလိုလုပ်ပါတယ်လို့ ပြောတာလည်း မဟုတ်ပါဘူး။ ဒီအုပ်စုကို ရည်ရွယ်ပြီးတော့ ခြုံပြီး ပြောခဲ့တာပါ။ သူတို ပြောသလို ဂုဏ်သရေမဲ့တယ်တို့ မဟုတ်ပါဘူး”ဟု ပြောသည်။
ပြည်သူများအနေဖြင့် ပါတီကို ကြည့်၍ NLD လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ ပါတီက နုတ်ထွက်သည့်အတွက် ပြည်သူများက ဒေါသဖြင့် ဝေဖန်ကြသည့်အပေါ် ယခုကဲ့သို့ တရားစွဲဆိုခြင်းများ ဖြစ်လာသည်ဟု ၎င်းက ပြောသည်။
“ အဓိကကတော့ ပါတီက နုတ်ထွက်တဲ့အတွက် သူတို့ကို မဲဆန္ဒရှင်တွေက စိတ်ဆိုးတာပါ။ အကြောင်းပြချက်က အဓိက မဟုတ်ပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က အသရေဖျက်မှုကို ဖွင့်ဆိုသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၉၉ ပါပြဌာန်းချက်များနှင့် အကျုံးဝင်ပါက ပုဒ်မ ၅၀၀ ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ဃ တို့အပြင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေတို့ဖြင့် နစ်နာသူက တရားစွဲဆိုနိုင်ကြောင်း ရှင်းပြသည်။
ဦးခင်မောင်ဇော်က “၄၉၉ ဆိုတာ အသရေဖျက်မှုကို ဖွင့်ဆိုတဲ့ ပြဌာန်းချက်ပေါ့၊ အဲဒီ ၄၉၉ နဲ့ အကျုံးဝင်ရင် ပုဒ်မ ၅၀၀ နဲ့စွဲလို့ရတယ်။ ၆၆ ဃနဲ့ ဆွဲလို့ရတယ်။ ပုဂ္ဂလိက အခွင့်အရေးကာကွယ်တဲ့ အထူးလုံခြုံရေးဥပဒေနဲ့လည်း စွဲလို့ရတယ်။ ပိုထိရောက်လိုတဲ့အခါမှာ ပုဂ္ဂလိက အထူးဥပဒေနဲ့ စွဲဆိုကြတာပေါ့”ဟု ပြောသည်။
အဆိုပါ ဥပဒေဖြင့် တရားစွဲဆိုခြင်းမှာ နည်းပါးပြီး လွှတ်တော်အမတ်ဟောင်း ဦးလှဆွေက ၎င်းကို အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဟု ရေးသားခဲ့သော ဆောင်းပါးရှင်ဒေါ်ခင်နှင်းဦးကို တရားစွဲဆိုခဲ့ရာတွင် အဆိုပါဥပဒေဖြင့် စွဲဆိုခဲ့ခြင်းရှိခဲ့သော်လည်း ညှိနှိုင်းပြေလည်ခဲ့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရန်အတွက် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ (၂၀၁၇ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅) ကို ၂၀၁၇ခုနှစ် မတ်လ ၈ ရက်က ပြဌာန်းခဲ့သည်။
ယင်းဥပဒေ ပုဒ်မ ၈ ၊ပုဒ်မခွဲ (စ)အရ မည်သူမျှ တည်ဆဲဥပဒေနှင့် အညီ ခွင့်ပြုချက် သိုမဟုတ် ဝရမ်းတစုံတရာမရှိဘဲဖြစ်စေ နိုင်ငံတော်သမ္မတ သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ နိုင်ငံသားတဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တနည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရ ဟု ပြဌာန်းထားသည်။
အဆိုပါပုဒ်မ ၈ ပါ တားမြစ်ချက် တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ထောင်ဒဏ် အနည်းဆုံး ၆လမှ ၃နှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံးငွေဒဏ် ကျပ်သုံးသိန်းမှ ၁၅သိန်းအထိ ချမှတ်နိုင်ကြောင်း ပုဒ်မ ၁၀ တွင် ပြဌာန်းထားသည်။