လန်ဒန်မြို့မှ ၄၆ ထပ်ရှိ ဟီရွန် မိုးမျှော်တိုက်ပေါ် တက်ပြခဲ့သည့် ပြင်သစ်လူမျိုး အမြင့်တက်ကျွမ်း ကျင်သူ အေလိန်း ရောဘတ်ကို ကြာသပတေးနေ့တွင် ရဲက ဖမ်းဆီးလိုက်သည်။
ပြင်သစ်ပင့်ကူလူသားဟု ခေါ်ကြသည့် အသက် ၅၆နှစ် အရွယ်ရှိ အေလိန်းရောဘတ်သည် တနာရီ အတွင်း ၂၃၀ မီတာ အမြင့်ရှိ မိုးမျှော်တိုက်ပေါ်သို့ ကြိုး(သို့မဟုတ်) အသက်ကယ် ပစ္စည်းအထောက် အကူမပါဘဲ တက်ပြခဲ့ရာ လမ်းမပေါ်တွင် ကြည့်ရှု့သူများကြောင့် လူစုလူဝေးဖြစ်ပေါ်၍ ယာဉ်ကြော ပိတ်ဆို့စေခဲ့သည်။
အဆိုပါ ဟီရွန် မိုးမျှော်တိုက်မှာ လန်ဒန်မြို့ရှိ စီးပွားရေး လုပ်ငန်းကြီးများ စုဝေးရာအရပ်တွင် ရှိပြီး တခရိုင်လုံးတွင် အမြင့် ဆုံးဖြစ်သည်။
လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြင်သစ်ပင့်ကူလူသားအား ဖမ်းဆီးလိုက်ခြင်းကို အတည်ပြုခဲ့ပြီး အများ ပြည်သူ အထိတ်တလန့်ဖြစ်စေသဖြင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ အချုပ်ထဲ ဆက်ထားရဦး မည်ဖြစ် ကြောင်း ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဆိုသည်။
အေလိန်း ရောဘတ်ကမူ “ကျနော်က ဒါမျိုးလုပ်ပြရတာ သိပ်သဘောကျတာ” ဟု မိုးမျှော်တာဝါပေါ် မတက်ပြမီ ရောဘတ်က သတင်းထောက်များ ကို အနီးရှိ ဟိုတယ်တလုံးတွင် ပြောကြားခဲ့သည်။
“ကျနော့် ဘဝတလျှောက်လုံး တောင်တွေ အတော်များများ တက်ဖူးပါတယ်။ ချောက်ကမ်းပါးရံလည်း တက်ခဲ့တယ်။ အခုတော့ အဆောက်အဦတွေပေါ် တက်ပြတာပေါ့။ ဒါပေမယ့် အသက်ကယ်ပစ္စည်း ဘာမှမပါဘဲ တကိုယ်တော် တက် ခဲ့တာချည်းပါ” ဟု ၎င်းကဆိုသည်။
အဆိုပါတောင်တက်သမားသည် တကမ္ဘာလုံးတွင် လန်ဒန်မြို့အပါအဝင် အမြင့််နေရာပေါင်း ၁၀၀ ထက်မနည်း တက်ခဲ့ပြီ ဖြစ်ပြီး ဂရင်းနစ် စံချိန် အရ အထောက်အကူကိရိယာမပါဘဲ အမြင့်အတက်နိုင် ဆုံးသူဖြစ်ကြောင်း သိရသည်။
ယခုနှစ် အစောပိုင်းက သူသည် ကမ္ဘာ့ ပဉ္စမ အမြင့်ဆုံးမိုးမျှော်တိုက်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ၁၂၃ ထပ်မြင့် အဆောက်အဦပေါ် တက်ရန် ကြိုးစားသော်လည်း မောင်းထုတ်ခံခဲ့ရသည်။
မိမိသည် အမြင့်တက်ရာတွင် ထိပ်ဆုံးရောက်ခါနီးတွင် ဂဏှာမငြိမ်သည့် အာရုံကြောဆိုင်ရာ ခံစားမှုရှိကြောင်း ရောဘတ်က ကြာသပတေးနေ့ ဝန်ခံခဲ့သည်။
“ကျနော် စတက်တုန်းကတော့ အိုကေပါပဲ။ ထိပ်ဆုံးရောက်အောင် တက်မယ်တဲ့စိတ်ကူးနဲ့ပေါ့၊ ဒါပေမယ့် ရောက်ခါနီး ကျရင် စိတ်မတည်မငြိမ်ဖြစ်ရတယ်”ဟု သူက ထပ်လောင်း ပြောသည်
အဆိုပါ ပြင်သစ်လူမျိုးသည် နဖူးပေါ်တွင် ကင်မရာတပ်ဆင်လျက် အဆောက်အဦ၏ အနောက်တောင်ဘက်မှ ဘီးရှော့ဂိတ် နေရာမှ စတင်တက်ပြခဲ့ရာ မိုဘိုင်းလ်ဖုန်းများဖြင့် အလုအယက်ရိုက်ကူးကြသူများဖြင့် ပျားပန်းခတ် သွားခဲ့သည်။
မိနစ်အပိုင်းအတွင်း ရဲများ ရောက်ရှိလာသော်လည်း အနီးအနားရှိ လမ်းများပိတ်ဆို့လျက် ယာဉ်ကြောကျပ် သွားခဲ့သည်။
အဆောက်အဦထိပ်သို့ရောက်ပြီး မြင်ကွင်းမှ မပျောက်ကွယ်သွားမီ ရောဘတ်သည် အားရဝမ်းသာစွာ ဖြင့် လက်မြှောက်ပြခဲ့ သည်။
ဗြိတိန်နိုင်ငံ၏ မြို့တော်တွင် အခြား ၆ နေရာလည်း တက်ရောက်ခဲ့ပြီး ကျိန်းသေပေါက် အဖမ်းခံရ မည်ကို မျှော်လင့် ထားပြီးဖြစ်ကြောင်း သူက ပြောပြသည်။