မန္တလေးတိုင်း ဒေသကြီး ညောင်ဦး မြို့နယ် အတွင်းရှိ ပလင်း ကမ်းသာယာ ဆင်စခန်းတွင် ပြည်တွင်း ပြည်ပ ခရီးသွား ဝင်ရောက်မှု များလာကြောင်း မြန်မာ့ သစ်လုပ်ငန်းက ပြောသည်။
ယင်းဆင်စခန်း စတင် ဖွင့်လှစ်ချိန်မှ စက်တင်ဘာလကုန် အထိ ၆ လခန့်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွား ဝင်ရောက်မှု ၄၀၀၀၀ နီးပါး ရှိကာ ဆင်စီးသူ ဦးရေ ၄၀၀၀ ကျော် ရှိသည်ဟု ဆိုသည်။
ပလင်း ကမ်းသာယာ ဆင်စခန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စတင် အကောင်အထည် ဖော်ခဲ့ပြီး မတ်လ အတွင်းက ဖွင့် လှစ်ခြင်း ဖြစ်သည်။
ယခုအချိန်၌ ခရီးသွား ဦးရေ တိုးလာသည့် အတွက် ဆင်ကောင်ရေလည်း တိုးရန် စီစဉ်နေကြောင်း မြန်မာ့သစ် လုပ်ငန်း ချင်းတွင်း ဖောင်ဖွဲ့ရေး အဖွဲ့မှ လက်ထောက် အထွေထွေ မန်နေဂျာ ဦးဌေးအောင် က ဧရာဝတီသို့ ပြောသည်။
“ဆင်ကောင် ရေ တိုးဖို့ အတွက် တင်ပြထားတယ်။ ခွင့်ပြုချက်တော့ မရသေးဘူး။ အဓိကတော့ စခန်းမှာ ဝင်တဲ့ ခရီးသွားနဲ့ ရှိတဲ့ ဆင် ကောင်ရေက မမျှတာပေါ့နော်။ တချို့ ဆင်စီးချင်ကြတယ်။ ဒါပေမယ့် ဆင်က မလောက်ဘူး ဖြစ်နေတယ်”ဟု ၎င်းက ပြောပြသည်။
လက်ရှိ ပလင်း ကမ်းသာယာ ဆင်စခန်းတွင် ဆင် ၆ ကောင် ရှိပြီး လိုအပ်ချက် အရ ၂ ကောင် ထပ်တိုးမည် ဖြစ်ကာ ယခု နှစ် မကုန်ခင် ရောက်ရှိရန်လည်း လျာထားကြောင်းလည်း ဦးဌေးအောင် က ပြောသည်။
ပလင်း ကမ်းသာယာ ဆင်စခန်းသည် ညောင်ဦးမြို့မှ ၅ မိုင်ခန့် အကွာ မြင်းခြံ – ပခုက္ကူ – ညောင်ဦး ကားလမ်းနှင့် ၂ ဖာလုံ ခန့် ကွာဝေးသော ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိပြီး ဧရိယာ ၄ ဒသမ ၁၈ ဧက အကျယ် ရှိသည်ဟု ဆိုသည်။
အဆိုပါ ဆင်စခန်း စတင် ဖွင့်လှစ်စဉ်က ဆင်ကောင်ရေ ပိုမိုထားရှိရန် ဆောင်ရွက်ခဲ့သော်လည်း တည်ရှိရာ နေရာသည် ပူပြင်း ခြောက်သွေ့သော ရာသီဥတု ရှိသည့် နေရာဖြစ်သောကြောင့် အစာရေစာ လုံလောက်မှု မရှိမည်ကို စိုးရိမ်သဖြင့် ၆ ကောင်နှင့်သာ စတင် ဖွင့်လှစ်ပြီး ယခုအခါ အစာရေစာ ပေါများသည့် အခြေအနေ ဖြစ်သောကြောင့် ထပ်မံ တိုးရခြင်း ဖြစ်သည်ဟု မြန်မာ့ သစ်လုပ်ငန်းက ပြောသည်။
ဆင်စခန်း ဝင်ကြေးကို တဦးလျှင် ငွေကျပ် ၁၀၀၀ ကောက်ခံပြီး ဆင်စီးခ အနေဖြင့် ပြည်တွင်း ဧည့်သည် တဦးလျှင် ၅၀၀၀ ကျပ်၊ ပြည်ပ ခရီးသည် ၁ သောင်းခွဲကျပ် ကောက်ခံလျက် ရှိကြောင်း သိရသည်။
ယင်းဆင်စခန်းသို့ သွားရောက် လည်ပတ်ခဲ့သူ ဦးမျိုးက“ပလင်း ဆင်စခန်းကတော့ ဧရာဝတီမြစ်ဘေးမှာ ရှိနေတော့ မြစ် ဘေး တလျှောက် ဆင်စီးရတာကတော့ တခြား ဆင်စခန်းတွေထက် အားသာချက် ရှိပါတယ်။ ညအိပ် လက်မခံသေးတော့ အချိန် အကန့်အသတ်ကြောင့် ဧည့်သည်တွေ အတွက် သွားရလာရတာ အချိန် နည်းတယ်။ ညအိပ် လက်ခံပေးရင် ဆင် စ ခန်းအတွက် ဝင်ငွေ ပိုရနိုင်သလို ခရီးသွားတွေ အတွက်လည်း တထောက် နားစရာ နေရာတခု ဖြစ်လာနိုင်တယ်”ဟု ပြော သည်။
ယခုအခါ မန္တလေးတိုင်း ဒေသကြီး၌ ဆင်စခန်း ၃ ခု ရှိပြီး ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ရဲရွာ ရေအားလျှပ်စစ် စက်ရုံသွား ကားလမ်းဘေးတွင် ဒီးဒုတ် ရေတံခွန် ဆင်စခန်း၊ ဝါးနက် ဆင်စခန်းနှင့် ညောင်ဦးမြို့ အနီး ပလင်း ကမ်းသာယာ ဆင်စခန်း တို့ ဖြစ်ကြသည်။
မန္တလေးတိုင်း ဒေသကြီး၏ ခရီးသွား လုပ်ငန်း မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ခရီးသွားများ ဆွဲဆောင်နိုင်သည့် ဆင်စ ခန်း ၃ ခုကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။