Weekly Eleven ဂျာနယ်မှ သတင်းစာဆရာ သုံးဦးအား တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာဥပဒေနှင့်အညီ ဦးစွာ ဖြေရှင်းရန် သမ္မတ၏ညွန်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လျစ်လျူရှုတွန့်ဆုတ်နေကြောင်း သတင်းစာဆရာတချို့က ဝေဖန်လိုက်သည်။
သမ္မတညွန်ကြားချက်အရ မြန်မာသတင်းမီဒီယာကောင်စီ(MPC)ထံသို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူး ဦး အောင်ကျော်ခိုင်မှ အောက်တိုဘာ ၁၈ ရက်နေ့တွင် တိုင်ကြားစာပို့ခဲ့သော်လည်း MPC မှ ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် အတွက် လိုအပ်သည့် အမှုရုတ်သိမ်းခြင်းအား ၎င်းတို့မှ ယနေ့အထိ ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။
သတင်းစာဆရာတဦးဖြစ်သည့် ဦးဇေယျာလှိုင်က “သမ္မတက ကောင်စီကို အရင်သွားပါလို့ ညွန်ကြားတယ်၊ အဲ့ဒီ အဓိပ္ပါယ်က တရားရုံးကို အရင်မသွားနဲ့၊ ကောင်စီမှာ ဆုံးဖြတ်ပြီးမှ မကျေနပ်မှ တရားရုံးကို သွားလို့ ဆိုတာပဲ၊ အဲ့ဒါကို တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ဖို့ တွန့်ဆုတ်နေတယ်ဆိုတာ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ သမ္မတရဲ့အမိန့်ကို အာဏာ ဖီဆန်တာလို့ပဲ မြင်တယ်၊ ပြည်ထောင်စုအစိုးရရဲ့အမိန့်ကို မနာခံတာလို့ပဲမြင်တယ်” ဟု ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် အောက်တိုဘာ ၁၀ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် Weekly Eleven ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်စိုးလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနှင့် ဆောင်းပါးရှင် ကိုဖြိုး ဝေဝင်းတို့အနေဖြင့် ယနေ့အောက်တိုဘာ ၂၆ ရက်နေ့ရုံးချိန်းတွင် အာမခံရရှိခဲ့ပြီး အမှုအား ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။
တရားစွဲခံထားရသူများရှေ့နေ ဦးကြီးမြင့်က “ အာမခံက တယောက်ကို သိန်းတရာနဲ့ပေးထားတာ၊ တရားလိုဘက်က သမ္မတရဲ့ညွန်ကြားချက်ကို လိုက်နာမယ်ဆိုရင် ဒီနေ့က အမှုရုတ်သိမ်းရမယ့်နေ့ပေါ့ဗျာ၊ သူတို့ ဘာကြောင့် မလိုက်နာသေးလဲတော့ မသိဘူး” ဟု ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွ့ဲအနေဖြင့် အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်ပါ “ အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနှင့်ပတ်သက်ပြီး အချက်အလက်များ မှားယွင်းသည်ဟုဆိုကာ ညွန်ကြားရေးမှုး ဦးအောင်ကျော်ခိုင်က တာမွေမြို့နယ်တရားရုံးသို့ အောက်တိုဘာ ၉ ရက်နေ့က ဦးတိုက်လျှောက်ထားတိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဆောင်းပါးရှင် ဖြိုးဝေအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ အစီအရင်ခံစာအပေါ် တိုင်းလွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးထောက်ပြချက်များအား အခြေခံကာ တိုင်းအစိုးရ၏ ကျောင်းကားဝယ်ယူရာတွင် ချေးငွေကိစ္စ များ၊ စီမံကိန်းများတွင် ရှယ်ယာထည့်ဝင်မှုများအား ဝေဖန်ထောက်ပြကာ ရေးသားထားသည်ကို တွေ့ရသည်။
ဆောင်းပါးနှင့်ပတ်သက်ပြီး ဆောင်းပါးရှင်၏ မမှန်မကန်ဖော်ပြရေးသား ဖြန့်ချိမှုကြောင်၊း တိုင်းအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ကုမ္ပဏီများ၊ အစုရှယ်ယာရှင်များအား စိုးရိမ်စေကာ တိုင်အစိုးရအဖွဲ့အပေါ် ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်ပျက်စေကာ အများပြည်သူက အစိုးရအပေါ် ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်ခြင်းဖြစ်၍ တရားစွဲဆိုရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ သမ္မတ၏ လမ်းညွန်မှုဖြင့် သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာသောအဖွဲ့အစည်း၊ ဌာန(သို့)ပုဂ္ဂိုလ်သည် ရှေးဦးစွာမြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ ပုဒ်မ ၂၂ အရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်နှင့် ပုဒ်မ ၂၃ အရ ညှိနှိုင်း ဖြေရှင်းရာ၌ ပြေလည်မှုမရှိပါက တိုင်ကြားသူ(သို့) ကျေနပ်မှု မရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် အောက်တိုဘာ ၁၇ ရက်နေ့ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ညွန်ကြားသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ယခုကဲ့သို့ အမှုအား ရုတ်သိမ်းခြင်းမရှိသည့် အခြေအနေတွင် ကြားဝင်းဆောင်ရွက်၍ မရကြောင်း MPC အဖွဲ့ဝင်များက ပြောသည်။ နှစ်ဖက်တိုင်ကြားမှုများနှင့်ပတ်သက်ပြီး MPC အနေဖြင့် အောက်တိုဘာ ၁၉ ရက်နေ့က တာဝန်ရှိသူများအား ခေါ်ယူ တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အမှုအား ဦးစွာရုတ်သိမ်းရန်အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံ တိုက်တွန်းထားသည်။
သတင်းစာဆရာ ဦးမြင့်ကျော်က “အပေါ်စီးနဲ့ ဖိအားပေးချင်လို့ ဒီလိုလုပ်တယ်လို့ပဲ မြင်တယ်၊ တောင်းပန်ချက်ရအောင် လုပ်တဲ့သဘော ပေါ့၊ တခြားဖြေရှင်းတဲ့နည်းလမ်းတွေရှိလျက်နဲ့ သမ္မတရဲ့လမ်းညွန်းချက်ကို အပြည့်အဝလိုက်နာခြင်းမရှိဘဲ လက်တလုံးခြား လုပ်နေတယ်လို့ပဲ မြင်တယ်၊ သူတို့ ကပ်ပြီးပြောရင်တော့ ကောင်စီကို သွားတယ်ပေါ့၊ ဒါပေမယ့် ကောင်စီရဲ့ နည်းလမ်းတွေကို မလိုက်နာဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည်။