မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း ဦးတင်မောင်ဆွေ အား Facebook ပေါ်၌ ဝေဖန်ရေးသားမှုဖြင့် တရားစွဲခံရသော စစ်တွေ မြို့ဖိမြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေကို ယနေ့တရားရုံးက ထောင် ဒဏ် ၆ လ ချမှတ်လိုက်သည်။
ဦးအောင်သန်းဝေကို ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့နယ် တရားရုံးမှ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀” ဖြင့် ထောင်ဒဏ် ၆ လ၊ “ရာဇဝတ်မကင်းသော ခြောက် လှန့်မှု ဥပဒေ ပုဒ်မ ၅၀၆” ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ပြီး၊ ၎င်းပြစ်ဒဏ်များကို တပေါင်းတည်း ကျခံရန် အမိန်ချသည်။
ထို့အတွက် ဦးအောင်သန်းဝေမှာ ထောင်ဒဏ် ၆ လသာ ကျခံရမည် ဖြစ်ပြီး ချုပ်ရက်များကို ထုတ်နုတ် ခံစားခွင့် ရှိကြောင်း သိရသည်။
ဦးအောင်သန်းဝေက “တမှုကို ၆လ၊ ၆လ စီ ချမှတ်လိုက်ပါတယ်၊ ပြစ်ဒဏ်ကိုတော့ တပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက် တဲ့အတွက် ကျနော် ထောင်ဒဏ် ၆ လ ကျခံရမှာဖြစ်ပါတယ်”ဟု မီဒီယာများသို့ ပြောသည်။
၎င်းဖမ်းဆီးချုပ်နှောင်ခံရသည်မှာ ၄လ ကျော်ပြီ ဖြစ်၍ နောက်ထပ် ထောင်ဒဏ် ၁လ ကျော်သာ ကျခံ ရတော့ မည် ဖြစ် သည်။
ပြစ်ဒဏ်ချ ခံရခြင်း အပေါ် ဦးအောင်သန်းဝေက ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးသည့် နိုင်ငံသား တဦး၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆုံးရှုံးလိုက်ရကြောင်း၊ Facebook ပေါ်တွင် ၎င်းရေးသား တင်ပြချက်မှာ မြောက်ဦး လူသတ်တရားခံအား ဖော်ထုတ်ရန် တောင်းဆိုခြင်းသာ ဖြစ်ကြောင်း ပြောသည်။
“ကျနော် ဖေ့စ်ဘုတ်မှာ ရေးတာ လူသတ်တရားခံများကို ဖော်ထုတ်ပေးဖို့ တောင်းဆိုခြင်း ဖြစ်တယ်။ လူသတ်တရားခံကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့လူကို ဖမ်းတယ်။ ထောင်ချတယ်။ ဒါပေမဲ့ လူသတ် သမားကို ဒီနေ့ထိ အရေးယူတာ မရှိသေးဘူး”ဟု ဦးအောင်သန်းဝေက ဆိုသည်။
သို့သော် အထက်တရားရုံး အဆင့်ဆင့် အယူခံဝင် ရောက်သွားမည် မဟုတ်ကြောင်း ၎င်းက ပြော သည်။
ဦးအောင်သန်းဝေသည် ရခိုင်ပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ ပြောင်းရွေ့တော့မည့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေအား “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဟောင်း ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု တရားခံ ဘယ်သူလဲ” ဆိုသည့် စာသားကို ဦးတင်မောင်ဆွေ၏ ခါးကြား၌ သေနတ်ထိုးထားသည့် ဓာတ်ပုံနှင့် တွဲ၍ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
ထို့အတွက် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)အပြင် ဒေါက်တာ အေးမောင်၏ ရုံးချိန်း၌ ဦးတင်မောင်ဆွေအား ပုဂ္ဂိုလ် ရေး ထိခိုက်သည့် စကားများ ပြောသည်ဆိုကာ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၀” ဖြင့် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က အမှုဖွင့်ခံရသည်။
သို့သော် တရားစွဲသည့် အခါ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) မပါဝင်တော့ဘဲ၊ ပုဒ်မ ၁၀ နှင့် ရာဇဝတ် မကင်းသော ခြောက်လှန့်မှု ပုဒ်မ ၅၀၆ ကို ထပ်တိုးကာ ပုဒ်မ ၂ခုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ တရားစွဲ ဆိုခြင်းနှင့် ပတ်သက်၍ ဦးအောင်သန်းဝေကလည်း တရားလို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးစောမင်းသူ၊ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက် ဆွေနှင့် စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက်မှ ရပ်ကွက်စာရေး တို့ကို ပြီးခဲ့သော စက်တင်ဘာလ ၁၁ ရက်က “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ် လပ်မှုနှင့်ပုဂ္ဂိုလ်ရေး ဆိုင်ရာ လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေ” ဖြင့်ပင် တရားရုံးသို့ ဦးထိုက်လျှေက်၍ ပြန်လည် တရားစွဲ ခဲ့သည်။
ဦးအောင်သန်းဝေ၏ ပြန်လည်တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့နယ် တရားရုံးမှ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂ အရ ရဲတပ်ဖွဲ့သို့ စုံစမ်း စစ်ဆေးရန် ညွန်ကြားသော်လည်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်မှာ ရက်ပေါင်း ၄၅ ရက် ကျော်လာသည့်အထိ တရားရုံးသို့ ရောက်မလာရာ ယင်း အမှုနှင့်ပတ်သက်၍ ဦးအောင်သန်းဝေအား နိုင်ဝင်ဘာလ ၂ ရက်နေ့ ကို ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။
ဦးအောင်သန်းဝေသည် ဒေါက်တာအေး မောင်အမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး အရပ်ဘက်လူမှု အဖွဲ့ အစည်းနှင့် ပြည်နယ် အစိုးရအဖွဲ့ တွေ့ဆုံပွဲများတွင် အစိုးရအဖွဲ့ အားနည်း ချက်များကို ဝေဖန်ထောက်ပြတတ်သူ တဦး လည်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှု့ရန် – Facebook ၌ ဝေဖန်ရေးသားမှုကြောင့် စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ဖမ်းခံရ
စစ်တွေမြို့မိမြို့ဖ ဦးအောင်သန်းဝေ ကို ပထမအကြိမ် ရုံးထုတ်
စစ်တွေမြို့မိ၊ မြို့ဖ အဖွဲ့ဝင် ဦးအောင်သန်းဝေကို စွဲချက်တင်