နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်သို့ သွားရောက်သည့် ခရီးစဉ်၌ ဒေသခံများ တင်ပြချက်များကို ဆောင်ရွက်ပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၆ ရက်တွင် သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ကန်ပက်လက်မြို့ ခရီးစဉ်တွင် ပါတီ၊ လွှတ်တော် ကိုယ်စားလှယ် ရုံးသို့ သွားရောက်ခြင်း၊ ချင်းရိုးရာ ပြခန်း(ယဉ်ကျေးမှုပြတိုက်)သို့ သွားရောက်ခြင်း၊ နေ့လယ်ပိုင်း၌ ခေါနူးစုမ် (နတ်မတောင်)သို့ တက်ရောက် လေ့လာခြင်းတို့ အပြင် ညနေပိုင်း၌ ကန်ပက်လက်မြို့၊ မြို့နယ် ခန်းမတွင် မြို့မိ၊ မြို့ဖ၊ အစိုးရ အဖွဲ့များနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့သည်။
ယင်းတွေ့ဆုံပွဲကို တက်ရောက်သည့် NLD ပါတီ၏ ကန်ပက်လက် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်(၁) ဦးကွီးထန်း က “ဒေသခံတွေ တင်ပြတဲ့ လိုအပ်ချက်တွေကို အားလုံးခြုံပြီးတော့ စီစဉ်ဆောင်ရွက် ပေးသွားမယ်လို့ ပြောသွားပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။
ဒေသခံများက ကန်ပက်လက် မြို့နယ်တွင် ရှိသည့် မြို့နယ် ဆေးရုံ၊ ကျန်းမာရေး ဌာနများ ဆေးဝါး ရရှိရေး၊ အငြိမ်းစား ဝန်ထမ်းများ ချေးငွေ ရရှိရေး၊ မြို့နယ် အတွင်းရှိ ချောင်းဖြတ် တံတားပြုပြင်ရေး အစ ရှိသည်များကို တင်ပြခဲ့ကြသည်ဟု ဆိုသည်။
ထို့ပြင် ချင်းပြည်နယ် အတွင်း မြို့နယ် ၉ ခု အနက် ကန်ပက်လက်သည် ခရီးသွား အများဆုံး ရှိသည့် မြို့နယ် ဖြစ်သော ကြောင့် နိုင်ငံတော် အတိုင်ပင်ခံက မြို့မိ မြို့ဖများအား ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း လုပ်ပေးရန် အတွက် လည်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
“နိုင်ငံတော် အတိုင်ပင်ခံက ချင်းပြည်နယ်က တောင်ပိုင်း၊ မြောက်ပိုင်းရယ်တို့ သဘောမထားဘဲနဲ့ တောင်ပိုင်းမှာ လုပ်ရင်း လည်း မုဒိတာ ပွားများပြီးတော့ မြောက်ပိုင်းမှာ လုပ်ရင်လည်း တောင်ပိုင်းက မုဒိတာပွားပြီးတော့ သဘောထားကြီးကြီး ထားပြီး ပူးပေါင်း ဆောင်ရွက်မှု စည်းလုံး ညီညွတ်မှု ရှိအောင် ပိုမို ကြိုးစား ဆောင်ရွက်ကြဖို့ ပြောပါတယ်။ ကန်ပက်လက် က တင်ပြတာတွေကို အကောင်အထည် ဖော်ပေးပါမယ်လို့ ပြောပါတယ်”ဟု ဦးကွီးထန်းက ဆက်လက် ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ချင်းပြည်နယ်သို့ လာရောက်ခြင်းနှင့် ပတ်သက်၍ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ၏ အတွင်း ရေးမှူး ဆလိုင်း ကျဲအိုဘိခ်ထောင်က“ အဲဒီကိစ္စက တကယ့်ကို ကျနော်တို့ မယုံနိုင်စရာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကချင် ပြည်နယ် သွားတုန်းကလည်း မဲဆွယ် စည်းရုံးရေး သွားတဲ့ဟာကို စစ်ဘေးရှောင် ဒုက္ခသည် အရေးကိစ္စနဲ့ တွဲတာမျိုး ဖြစ်နေတယ်။ အခု ဒီကို ထပ်လာတဲ့ဟာက တော်တော်လေးကို သိသာသွားပြီပေါ့။ အခြေခံ ဥပဒေ အရရော၊ ကျနော်တို့ရဲ့ ကော်မရှင် ဥပဒေ အရရော ဒါက နိုင်ငံတော် ခေါင်းဆောင် အနေနဲ့ ပြည်ထောင်စု ဝန်ကြီး အနေနဲ့ ပါတီ နောက်ကနေ ပါဝင် ပတ်သက်ခြင်း မရှိစေချင်ဘူး။ ဒါမျိုး လုပ်တာက ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျနော်တို့က သုံးသပ်တယ်”ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက“တိုင်းပြည်မှာ လုပ်စရာတွေ ဒီလောက် များနေတဲ့ အချိန်မှာ နိုင်ငံတော် ခေါင်းဆောင် အနေနဲ့ ကြား ဖြတ် ရွေးကောက်ပွဲ သူတို့က စိတ်ကြိုက်လည်း အစိုးရလည်း ဖွဲ့ပြီးပြီ။ လွှတ်တော် အမတ်လည်း ၉၀၀ ကျော် သူတု့ိမှာ ရှိပြီးပြီ။ အဲဒီအချိန်မှာ ဒီတနေရာ၊ နှစ်နေရာလေး ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့ ဒီလောက် အထိ နိုင်ငံတော် လုပ်ငန်း တွေ ထားခဲ့ပြီးတော့ ရွေးကောက်ပွဲ အတွက် အချိန်ဖြုန်းဖို့ လာတယ် ဆိုတာကလည်း တကယ့်ကို မယုံနိုင်စရာနဲ့ ဝမ်းနည်း စွာ တွေ့ရပါတယ်”ဟု ပြောကြားသည်။
ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကောင်းမြတ်က “ကျနော့် အနေနဲ့ ကြိုဆိုပါတယ်။ ဘာလို့လဲဆို တော့ သူက တနိုင်ငံလုံးမှာ အနိုင်ရတဲ့ ပါတီဆိုတော့ ဖြစ်နိုင်ရင် တိုင်းနဲ့ ပြည်နယ်တွေလည်း လာနိုင်ရင် ကောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု လက်ရှိ ပြည်မမှာ NLD မှ တပါး တခြား အားကိုးရမယ့် ပါတီမရှိဘူး။ အခုအချိန်မှာ NLD ခေါင်းဆောင်ပိုင်းလည်း အမျိုးမျိုး ဝေဖန်တော့ ပုံရိပ် ကျနေတဲ့အချိန်မှာ အခုလို လိုက်ပြီး ပြောပေးနိုင်တော့ ပိုကောင်း တယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာ ကြားဖြတ် ရွေးကောက်ပွဲ၌ ချင်းပြည်နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကန်ပက်လက် မဲဆန္ဒ နယ်မှ ဦးညွန့်ဝင်းက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး မတူပီ မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် နေရာတွင် ဦးအောင်ထန်းက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၉ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား မြို့ရှိ တောင်တန်းဒေသ ကျောင်းသား/ကျောင်းသူများ ပြုစု စောင့်ရှောက်ရေး ဂေဟာ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက လှူ ဒါန်း ထားသည့် မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်းနှင့် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ခဲ့ သည်။