အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ခေါင်းဆောင် တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ဒေသများသို့ သွားရောက်နေခြင်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး)က ဝေဖန်လိုက်သည်။
ကြံ့ခိုင်ရေး ပါတီ၏ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က “ကြားဖြတ် ရွေးကောက်ပွဲ လုပ်မယ့် အချိန်ကျမှ တာဝန်ရှိ ပုဂ္ဂိုလ် တွေ ခဏခဏ လာပြီး ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ပေးနေတယ် ဆိုတာကတော့ ကျနော်တို့ အမြင်ပြောရင် သဘောထား မမှန်ဘူးလို့ဘဲ ပြောချင်တယ်။ မဟုတ်ရင် အဲဒီဒေသ ဖွံ့ဖြိုး တိုးတက်ရေးက လုပ်ကို လုပ်ပေးရမှာ။ ကြားဖြတ် ရွေးကောက်ပွဲရှိမှ လာပြီး လုပ်ပေးနေတယ် ဆိုတာကတော့ သူများ ဝေဖန်စရာ ဖြစ်တာပေါ့”ဟု ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ရှိသည့် ကချင် ပြည်နယ် မြစ်ကြီးနားမြို့သို့ အောက်တိုဘာလ ၁၉ ရက်က နိုင်ငံ တော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေ့ချင်းပြန် ခရီးသွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၆ ရက် နေ့တွင်လည်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့် ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်သို့ ရောက်ရှိနေ သည်။
အစိုးရ တရပ် ဖြစ်လာပါက ရွေးကောက်ပွဲ အနိုင်ရရေး ဆိုသည်ထက် ကိုယ့်အစိုးရ တာဝန်ယူနေသည့် အချိန်၌ ကိုယ့် နိုင်ငံ တိုးတက်ရေး၊ ကိုယ့်နိုင်ငံသားများ လူမှု စီးပွားရေး ကောင်းရန်၊ အဆင်ပြေရန် အတွက်ကို လုပ်ရမည် ဖြစ်သော် လည်း လက်ရှိ အာဏာရ ပါတီသည် ပါတီ အောင်နိုင်ရေးအတွက် သူတို့ လုပ်နိုင်ခွင့်ရှိသည့် နေရာက လုပ်နေသည် မှာ စေတနာ တမျိုး ဖြစ်နေကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“အခုဆိုရင် ကြားဖြတ် ရွေးကောက်ပွဲ ရှိတဲ့ နေရာ တော်တော်များများကို ပြည်ထောင်စု အဆင့်ရော၊ တိုင်းနဲ့ ပြည်နယ် အဆင့်ကရော အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ သွားပြီးတော့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက် ပေးနေတာ အခုချိန်မှာ ကြားဖြတ် ရွေးကောက်ပွဲ ရှိတဲ့ ဒေသက ဘာလိုလ့ို တင်ပြရင် ဝန်ကြီးချုပ်တွေက ချက်ချင်း အရေးယူ ဆောင်ရွက်ပေး နေတယ် ဆိုတာမျိုးတွေ ကျနော်တို့ဆီမှာ ကြားနေရတယ်။ မြင်နေရတယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဒေါက်တာ နန္ဒာလှမြင့်က“ဒေသခံပြည်သူလူထု အတွက်တော့ ကောင်းပါတယ်။ သူတို့ဒေသ ဖွံ့ဖြိုး သွား တာပေါ့။ အတိုက်အခံတွေဘက်က ကြည့်ရင်တော့ အာဏာရပါတီဟာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ အပြည့်အဝ အသုံးချပြီးတော့ ပါတီ အောင်နိုင်ရေး လုပ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာပေါ့။ ဒီအခြေအနေမှာ ပြည်သူလူထုက မှန်မှန် ကန်ကန် မြင်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟုလည်း ပြောဆိုသည်။
ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ဒေသများမှာ ကချင်ပြည်နယ်တွင် အမျိုးသား လွှတ်တော် ၁ နေရာ၊ ချင်းပြည် နယ် ကန်ပက်လက် မြို့နယ် ပြည်သူ့ လွှတ်တော်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ် အမှတ်၂၊ ပဲခူးတိုင်း အုတ်တွင်းမြို့နယ် အမှတ် ၁၊ မကွေးတိုင်း မင်းဘူး မြို့နယ် အမှတ် ၂၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် ပြည်သူ့ လွှတ်တော်၊ မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ် အမှတ် ၁ နှင့် ရှမ်း တိုင်းရင်းသား ဝန်ကြီး နေရာ၊ ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့ လွှတ် တော်နှင့် ရန်ကုန်တိုင်း ဆိပ်ကမ်း မြို့နယ် အမှတ်၂ တို့ ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ် ကန်ပက်လက် မြို့နယ်မှ ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးမနားနိုင်က“အခု အတိုင်ပင်ခံ ရောက်နေတဲ့ အနေအထားက ဘာပဲဖြစ်ဖြစ် ပါတီရေးရာနဲ့ မကင်းရှင်းဘူးလို့ပဲ မြင်တယ်။ အစိုးရပိုင်း အနေနဲ့ ခရီး လှည့်တယ် ဆိုတာကတော့ သူ့ရဲ့ အနေအထား။ သို့သော် ကျနော်တို့ ကန်ပက်လက် မြို့နယ် အနေအထား အရ အခုချိန် ရောက်လာတာဟာ ပါတီရေးရာရော၊ အစိုးရရေးရာရော ပါလိ့မ်မလားလို့ပေါ့လေ။ အဲဒီလို ခံယူတယ်ပေါ့ဗျာ” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာရပါတီ ပြောခွင့်ရ ဒေါက်တာ မျိုးညွန့်က အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်များသည် သီးခြား အစီအစဉ် နှင့် ပြုလုပ် နေခြင်း ဖြစ်ပြီး ပါတီနှင့် ပတ်သက်မှု မရှိကြောင်း၊ NLD ပါတီကလည်း မဲဆွယ် စည်းရုံးရေး ခရီးကို သီးခြား ပြုလုပ်နေ သော် လည်း ပါတီမှ တာဝန်ပေးထားသူ နိုင်ငံ့ ခေါင်းဆောင်တဦး ယင်းဒေသများသို့ သွားရောက်ခြင်းကို ယခုလို ပြောဆို နေကြခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
၎င်းက“ကျနော်တို့ကလည်း ကျနော်တို့ အစီအစဉ်နဲ့ လုပ်နေတာ။ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ပြောချင်ပါတယ်”ဟု လည်း ပြောသည်။
မြန်မာနိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကမူ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကြား ဖြတ် ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ ကျင်းပမည့် ဒေသများသို့ မသွားစေလိုကြောင်း၊ ယင်းမြို့နယ်များသို့ နိုဝင်ဘာလ ၃ ရက် မတိုင်ခင် သွားရောက်မိပါက တိုင်းရင်းသားများ အထင်လွဲ၊ နားလည်မှု လွဲပါက ပိုနစ်နာနိုင် ကြောင်း ပြောဆိုသည်။
“အဲဒီလောက် အထိ ခြေလှမ်းတွေ လှမ်းဖို့ မဆီလျော်ဘူးလို့ မြင်မိပါတယ်။ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ အနေ နဲ့လည်း အနုလုံပဋိလုံ ဆန်းစစ်မယ်ဆိုရင် ကျနော့်လိုပဲ တားဖြစ်မယ်လို့ ထင်မိပါတယ်။ တိုင်းရင်းသား မဲဆန္ဒနယ် တွေ မှာ တိုင်းရင်းသား ပါတီတွေက အနိုင်ရသွားရင် ဝမ်းမြောက်ဝမ်းသာ လက်ခုပ်သြဘာပေး ဂုဏ်ပြုရမှာလို့ နား လည်မိပါ တယ်”ဟုလည်း ၎င်းက ပြောသည်။
ကြံ့ခိုင်ရေး ပါတီ အစိုးရ လက်ထက်တွင်လည်း သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် မိတ္ထီလာမြို့ သို့ သွားရောက်ပြီး မိတ္ထီလာ လွင်ပြင် အစိမ်းရောင် ဖြစ်ရမည်ဟု ပြောဆိုခြင်းကို နိုင်ငံပိုင် သတင်းစာ မျက်နှာဖုံးတွင် ဖော်ပြ ခဲ့သဖြင့် ထိုစဉ်က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၏ဝေဖန်မှုကို ခံရဖူးသည်။