ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် ယခင် ကားပါကင်ကြေး စနစ်ကို ပြောင်းလဲ၍ ကောက်ခံရန် အတွက် စီစဉ်လျက် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က သိရသည်။
ယခင်က ယာဉ်ရပ်နား ကန့်သတ် နယ်မြေ ဇုန် ၁၀ ဇုန် သတ်မှတ်ပြီး လုပ်ငန်းရှင်များအား လေလံ စနစ်ဖြင့် အငှားချ ထား ကာ ယာဉ်ရပ်နားခများ ကောက်ခံခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကောက်ခံမှုကို၂၀၁၄ ဒီဇင်ဘာလမှ စတင်၍ ကောက်ခံခြင်း မပြုတော့ကြောင်း YCDC က သိရသည်။
ကားပါကင်ကြေး ကောက်ခံသည့် စာရွက် ဖြတ်ပိုင်းများ ပေးကာ ကောက်ခံသည့် ယခင်စနစ်ကို ပြုပြင်ကာ တိုးတက် ခေတ် မီသော နိုင်ငံများကဲ့သို့ Smart car parking စနစ်သို့ ပြောင်းလဲ၍ တင်ဒါ အသစ်များပြန်လည် ခေါ်ယူရန် အတွက် တိုင်း အစိုးရအဖွဲ့ကို တင်ပြမည် ဖြစ်ကြောင်း YCDC မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသန်းက ဧရာဝတီသို့ ပြောသည်။
“Smart car parking စနစ်နဲ့ ကောက်ခံနိုင်ရေး အတွက် အစိုးရ အဖွဲ့ကို တင်ရဦးမှာ၊ ကောက်မယ့် နည်းလမ်းတွေရောပဲ။ Smart car parking စနစ်က စင်ကာပူမှာ ကောက်နေတဲ့ စနစ်မျိုးနဲ့ကောက်မှာ မြန်မာပြည်မှာလို စာရွက်လေးတွေ ဆုတ် ဆုတ်ပြီးတော့ ပေးတဲ့ စနစ်မျိုး မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။
စနစ် အသစ်ဖြင့် ပြောင်းလဲ ကောက်ခံရန် အတွက် တိုင်းအစိုးရ အဖွဲ့သို့ တင်ပြရမည် ဖြစ်ရာ အချိန်ကာလအားဖြင့် မည် သည့် အချိန်တွင် ကောက်ယူမည်ကို အတိအကျ ပြောပြနိုင်ခြင်း မရှိသေးကြောင်း ဦးသန်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “မကောက်ဘူးလို့ ပြောတာမဟုတ်ဘူး။ အခုလောလောဆယ် တင်ဒါစနစ်နဲ့ ခေါ်လိုက်တဲ့ အခါမှာ တင်ဒါမအောင်တဲ့ အတွက်ကြောင့် မကောက်သေးတာ။ မကောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ မဟုတ်ဘူး”ဟုလည်း ပြော သည်။
မူလက ကားပါကင်ကြေးများကို အောက်တိုဘာလ ၁ ရက်မှ စတင်ကာ မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ တနာရီ လျှင်၂၀၀ ကျပ်နှုန်းဖြင့် ကောက်ခံရန် စီစဉ်ထားသော်လည်း တင်ဒါ ၃ ခုသာ အောင်မြင်သည့် အတွက် တင်ဒါကို ဖျက် သိမ်းလိုက်ပြီး ကောက်ခံမည့် ရက်ကိုလည်း ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့က အငှားယာဉ်မောင်း ဦးဇော်ဇော်က“ကိုယ်လိုချင်တဲ့ နေရာမှာ သူတို့ကရော နေရာပေးနိုင်မှာလား။ ကိုယ်လို ချင် တဲ့ နေရာမှာ နေရာပေးနိုင်မယ် ဆိုရင် ၁ နာရီ ၂၀၀ လည်း ရပ်ပျော်တယ်လေ”ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က လမ်းဘေးဈေးသည်များ အကောက်ခွန်များ ကောက်ခံခြင်း၊ ယာဉ်ရပ်နားခများ ကောက် ခံခြင်းလုပ်ငန်းများကို ဖျက်သိမ်းလိုက်သော်လည်း တရားမဝင် ကောက်ခံသူများသာ အကျိုးအမြတ် ရှိခဲ့ပြီး နိုင်ငံတော်သို့ ဘဏ္ဍာငွေ ဝင်ရောက်ခြင်း မရှိသဖြင့် ယခုအခါ နိုင်ငံတော်ဘဏ္ဍာငွေရရှိရန် ရည်ရွယ်၍ ကောက်ခံခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၉ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်၌ မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောဆိုသည်။
ကုမ္ပဏီ ဝန်ထမ်းတဦး ဖြစ်သည့် ကိုမင်းသူက “အများပြည်သူ ဝန်ဆောင်မှုနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ အစိုးရတွေက အင် မတန် အားနည်းတယ်လို့ မြင်ပါတယ်။ အခွန်ကောက်တာကို ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမယ့် ကျနော်တို့ အတွက် ရော ဘာပြန်ပေးသလဲ၊ မပေးဘူးဆိုရင်တော့ အဲဒီ အခွန်က မေးခွန်း ထုတ်စရာပဲ”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက“တကယ်တမ်း ဖြစ်သင့်တာက နေရာကို သတ်သတ်မှတ်မှတ် စီစဉ်ပြီးတော့မှ ပေးရတဲ့ ဝန်ဆောင်ခ မျိုးပဲ ဖြစ်သင့်တယ်။ အင်မတန် ကားရပ်ဖို့ ခက်ခဲတဲ့ ရန်ကုန် မြို့လယ်လို နေရာတွေမှာ နေရာ မစီစဉ်ထားဘဲနဲ့ တွေ့တဲ့ နေရာရပ်၊ ရပ်တာနဲ့ ကောက်မယ် ဆိုတာမျိုးကတော့ စီစဉ်မှု အားနည်းတယ်လို့ပဲ မြင်တယ်”ဟုလည်း ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက် တွင် ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် ရန်ကုန်မြို့ CBD (Central Business District) ဧရိယာအတွင်း ယာဉ်ရပ်နား ကန့်သတ်ဇုန် ၈ ဇုန်သတ်မှတ်၍ ယာဉ်ရပ်နားခ ၁ နာရီလျှင် ၂၀၀ ကျပ် နှုန်းဖြင့် ကောက်ခံရန်အတွက် လုပ်ငန်းရှင်များအား လေလံ ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယာဉ်ရပ်နား ကန့်သတ်ဇုန် ၈ ဇုန်သည် ရန်ကုန် မြို့တွင်း မြို့နယ်များရှိ လမ်းမကြီးများနှင့် အမည်တပ် လမ်းမကြီး များ တွင် သတ်မှတ်ထားခြင်း ဖြစ်သည်။