မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရဟာ ဝါတွင်း ၃လ ဂူအောင်းပြီး တရားအားထုတ်ရာက သီတင်းကျွတ်လပြည့်နေ့ ဂူထွက်မယ် ဆိုတဲ့ သတင်းကြောင့် ဆရာတော်ကို ဖူးမျှော်ဖို့ ကြည်ညိုသူ ဒကာ၊ ဒကာမတွေဟာ သြဂုတ်လ ၂၂ရက်နေ့ကတည်းက မိုင်းကျက်ချောင်းဘေးမှာ ကြိုတင်ရောက်ရှိ နေရာယူ ကြပါတယ်။
မိုင်းကျက်ချောင်းဟာ ပြီးခဲ့တဲ့နှစ်က ဆရာတော် ဝါတွင်း ၃လ ဂူအောင်း တရားအားထုတ်ခဲ့ရာ နေရာ ဖြစ်ပြီး၊ ဒီနှစ်မှာတော့ ချောင်း အောက်ပိုင်းမှာ ရှိတဲ့ မိုင်းကျက်ဂူမှာ တရားအားထုတ်တာဖြစ်ပါတယ်။
ချောင်းဘေးမှာ လာရောက် စောင့်ဆိုင်းနေကြတဲ့ ဒကာ၊ ဒကာမတွေဟာ ဒေသခံတွေအပြင် ရှမ်းပြည် နယ်အတွင်း ဒေသအသီးသီးက လာရောက်သူများ ရှိသလို၊ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေကနေ တကူးတက လာရောက် ဖူးမျှော်ကြသူ တွေလည်း ပါဝင်ပါတယ်။
လဲချားမြို့ကနေ လာရောက်တဲ့ စိုင်းလှကျော်က“ကျနော်ကတော့ မိုင်းဖုန်း ဆရာတော်ဘုရားကြီးဟာ သက်ရှိထင်ရှား စကားပြောနိုင်တဲ့ ဘုရားတဆူလို့ ခံစားမိတယ်ဗျ။ ဒါကြောင့် ဝါဆိုလတုန်းကလည်း လာတယ်။ အခုသီတင်းကျွတ်တော့လည်း လာတယ်ဗျ” လို့ ပြောပါတယ်။
ဆရာတော် ဂူထဲကထွက်အလာကို စောင့်ဆိုင်းနေသူတွေ အားလုံးအတွက် နေထိုင်စရာတွေ ဆောက် ထားပေးသလို၊ သက်သတ်လွတ် အစားအစာ တွေကို နေ့တိုင်းကျွေးနေတဲ့ ထမင်းကျွေးရုံလည်း ရှိပါတယ်၊ သောက်စရာရေသန့် အဆင်သင့်ရှိသလို ချိုးရေ၊ သုံးရေကတော့ မိုင်းကျက် ချောင်းရေကို သုံးကြပါတယ်။
အဲဒီလို ဒကာ၊ ဒကာမတွေ မိုင်းကျက်ချောင်းဘေးမှာ စောင့်ဆိုင်းနေချိန် မိုင်းဖုန်း ဆရာတော်ကတော့ တိတ်ဆိတ် ငြိမ်သက်တဲ့ တောင်ထိပ်က ဂူထဲမှာ တရားအားထုတ် နေတာပါ။
“ဆရာတော်က ဝါဝင်တဲ့နေ့က စပြီး အထဲမှာ တပါးတည်း ဝစီပိတ် ကျင့်ကြံအားထုတ်ပြီးတော့ ကျနော် တို့က လပြည့်၊လကွယ်နေ့ တိုင်း သစ်သီးဝလံ သွားပို့ပေးတာ၊ အဲဒီမှာ ဆရာတော်က ကျန်းမာရေး အခြေအနေ ဘာညာဆိုရင် စာနဲ့ ရေးခဲ့တယ်” လို့ ဆရာတော် ရဲ့ တပည့် ဒကာရင်းဖြစ်သူ ဦးမောင်မောင် (လားရှိုး) က ပြောပြပါတယ်။
ဒီနှစ် ဆရာတော် ဂူအောင်း တရားအားထုတ်တဲ့နေရာဟာ အရင်နှစ်က ဂူအောင်းတဲ့ နေရာကနေ ကားနဲ့ နာရီဝက်ခန့် သွားရပြီး ဂူရှိတဲ့ တောင်ခြေမှာ ကားရပ်ကာ တနာရီလောက် လမ်းထပ်လျှောက် ရပါသေးတယ်။
မိုင်းကျက်ချောင်းဘေးက ဂူဟောင်း အနီးမှာတော့ ဆရာတော်ကို ဖူးမျှော်လိုသူတွေ၊ ဆရာတော်ရဲ့ တရားနာကြား လိုသူတွေ ရာပေါင်းများစွာ ညအိပ် စောင့်ဆိုင်းနေကြပြီး၊ ငွေကြေးချမ်းသာသူ အချို့ကတော့ နားခိုဖို့ နေအိမ်တွေပါ ဆောက်လုပ်ထားကြတာတွေ့ရပါတယ်။
ဒီလိုလူနေအိမ်တွေ ဆောက်လာတာကြောင့် ဒီနှစ်မှာတော့ ဆရာတော်ဟာ ဂူပြောင်းပြီး တရားအား ထုတ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ကြတဲ့ တပည့် ဒကာ၊ ဒကာမတွေလည်း ရှိကြပါတယ်။
ဆရာတော် အခုနောက်ဆုံး တရားအားထုတ်နေတဲ့ မိုင်းကျက်ဂူဟာ ပေ ၄၀၀၀ ကျော် မြင့်ပြီး သာမန် လူတွေ သွားလာရန် ခက်ခဲလွန်းသလို ဂူအတွင်းမှာလည်း တိတ်ဆိတ်လွန်းလှပါတယ်။
ဆရာတော်ကို လာရောက် သစ်သီးဆွမ်းကပ်သူ၊ ဝါဝင်ဝါထွက် လာရောက် ပင့်ဖိတ် တရားနာကြား လိုသူများ အတွက်တော့ ဂူဝမှာ ဇရပ် တဆောင် ဆောက်ထားပါတယ်။
“မိုင်းဖုန်းဆရာတော်ဟာ တောရဆောက်တည်တဲ့ ဆရာတော်လို့ မှတ်ရပါမယ်။ ဆရာတော် ဟောကြား တာကတော့ ဝါပ ကာလမှာ ပရဟိတအတွက် သာသနာ့ဟိတ အတွက် လုပ်ဆောင်တာပေါ့။ ဝါတွင်း ၃ လကတော့ အတ္တဟိတ အတွက် ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံ အားထုတ်တာပေါ့။ အမြဲတမ်းပဲ ဝါတွင်းသုံး လပတ်လုံး ဂူအောင်းပြီးတော့ တရားအားထုတ်ပါတယ်” လို့ တောင်တန်း သာသနာပြုဆရာတော် အရှင် သုခမိန္ဒ (စဝ်သုခမ်း) က မိန့်ကြားပါတယ်။
သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မှာတော့ ဆရာတော်ရဲ့ တပည့်ဒကာရင်း တွေက တောင်ထိပ်ပေါ်မှာရှိတဲ့ ဆရာ တော်ရဲ့ ဂူထဲကို သွားရောက်ပြီး ပင့်ဖိတ်ကြပါတယ်။
ဆရာတော်က အဲဒီနေ့မှာဘဲ ၃ လအတွင်း မပယ်ခဲ့တဲ့ ဆံတော်တွေကို ပယ်ချကာ တပည့်ဒကာတွေကို တရားဦး ဟောပါတယ်။
သီတင်းကျွတ် လပြည်ကျော် ၁ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ တောင်အောက်ကို ကြွလာပြီး မိုင်းကျက် ချောင်းဘေး စောင့်ဆိုင်းနေကြတဲ့ ဒကာ၊ ဒကာမတွေကို နေဝင်ချိန်မှာ တရားချီးမြှင့်ပါတယ်။
“ဆရာတော် ဘုရားက မေတ္တာကြီးတယ်။ တနည်းအားဖြင့် ပြောရရင် သူတပါးရဲ့ စိတ်အကြံကိုလည်း သိနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်။ ဆရာတော်ဘုရားက ကျင့်ကြံအားကောင်းတယ်၊ မေတ္တာအား ကြီးတယ်” လို့ အရှင် သုခမိန္ဒ (စဝ်သုခမ်း) က မိန့်ကြားပါတယ်။
မိုင်းဖုန်း ဆရာတော်ကို ဖူးမျှော်နိုင်ဖို့နဲ့ ဆရာတော်ရဲ့ တရားကို နာကြားဖို့ အတွက် ကြမ်းတမ်းတဲ့ ခရီး လမ်းကို ကျော်ဖြတ်လာကြတဲ့ အနယ်နယ် အရပ်ရပ်က ဒကာ၊ ဒကာမတွေနဲ့ ဒေသခံတွေ အတွက်က တော့ မိုင်းကျက်ချောင်းဘေး နေဝင်ချိန်မှာ ဆရာတော် ဟောကြားတဲ့ မေတ္တာ တရား နာကြားရင်း ပြီးဆုံးခဲ့ပါတယ်။
ရှမ်းပြည် အရှေ့ပိုင်း မိုင်းဖုန်းကျေးရွာမှာ ၁၆နှစ်သားက စတင် တရားအားထုတ်တဲ့ ဆရာတော်ဟာ တသက်တာ သက်သတ်လွတ် စားသုံးပြီး၊ ထိုင်း၊ လာအို၊ ဘူတန်နှင့် ရှမ်းပြည်နယ်ရှိ ဂူများမှာ ကာလ ရှည်ကြာ တရားကျင့်ကြံတဲ့အတွက် ကျော်ကြားပါတယ်။
ကိုယ်ကျင့်တရား မြင့်မားလှတာကြောင့် ကြည်ညိုလေးစားခံရတဲ့ ဆရာတော်ကို မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ လူအများအပြားက ကိုးကွယ်ကြပြီး၊ ဆရာတော်ဟာ သစ်သီးနှင့် မုန့်များကိုသာ ဘုန်းပေးကာ မည်သည့် ရာသီဥတု တွင်မျှဖိနပ်စီးခြင်းမရှိပါဘူး။
ဆရာတော်ရဲ့ ဒကာရင်းများမှာ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီးများနှင့် လက်ရှိအစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ပါဝင်ပါတယ်။
ကျန်းမာရေး ယို့ယွင်းနေတဲ့ တပ်မတော်ခေါင်းဆောင်ဟောင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ပြင်ဦး လွင်နေအိမ်သို့ ကြွလေ့ရှိကာ ဆရာတော်မှ ဒုဗိုလ်ချုပ်ကြီးဟောင်း မောင်အေးအား တရားချီးမြှင့် နေသည့် ဓာတ်ပုံများ လူမှုကွန်ရက်မှာ ထွက်ပေါ်ခဲ့ပါတယ်။
စစ်အစိုးရလက်ထက်မှာ တာချီလိတ်ရှိ ဆရာတော်ရဲ့ ကျောင်း ချိပ်ပိတ်ခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံတွင် ၁၀နှစ်ကျော်ခန့် သွားရောက် သီတင်းသုံးနေရာ ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့် လှစ်ပေးခဲ့သည့်အတွက် ထိုနှစ်နိုဝင်ဘာလ ၁၅ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ကြွခဲ့ပါတယ်။
၂၀၁၇ ခုနှစ် နိုဝင်ဘာလကတော့ ရန်ကုန်မြို့သို့ ကြွရောက်ကာ ရွှေတိဂုံစေတီကို ဖူးမြော်ခဲ့ပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – မိုင်းဖုန်းဆရာတော်ကို ထိုင်းတွေ ချီးမွမ်း ဂုဏ်တင်နေကြ
မိုင်းဖုန်း ဆရာတော်ကို ထိုင်းဘုရင် သင်္ကန်းကပ်လှူ