သတင်း

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် သံသယဖြင့် ရှုမြင်သုံးသပ်ခြင်းမျိုး မရှိသင့်ဟု SNLD ဆို

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် သဘောဆန္ဒ ကွဲပြားမှု ရှိလာပါက သံသယဖြင့် ရှုမြင်သုံးသပ်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က တိုက်တွန်းသည်။

ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား ထုတ်ပြန်ချက်တွင် တိုင်းရင်းသားများအပေါ် အမြင်စောင်းမှုများ၊ သံသယစိတ်များ ထားရှိနေကြောင်းကို တွေ့မြင်ကြားသိနေရသည့်အတွက် ယင်းသို့ တိုက်တွန်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အမည်ကို ရည်ညွှန်းပြီး မပြောချင်ပါ။ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့ ကာလမို့ပါ” ဟု ပြောသည်။

SNLD အနေဖြင့် ပါတီခေါင်းဆောင်ပိုင်းမှ အောက်ခြေအထိ မိမိတို့၏ အမျိုးသားရေး လက္ခဏာများကို ထိန်းသိမ်းနေကြမည် ဖြစ်သကဲ့သို့ မိမိ ပြည်နယ်နှင့် ပြည်ထောင်စုအပေါ် သစ္စာ စောင့်သိလျက်ရှိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရှစ်လေးလုံး အရေးတော်ပုံမှ ပေါက်ဖွားလာသည့် SNLD သည် မြန်မာ့နိုင်ငံရေး အခက်အခဲ အကျပ်အတည်းနှင့် စိန်ခေါ်မှုများကို ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ ရင်ဆိုင်ဖြေရှင်းခဲ့သည့် ပါတီတခု ဖြစ်သည်။

ပါတီ နှစ် ၃၀ ပြည့် အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး ပါတီ ထိပ်ပိုင်းခေါင်းဆောင်များအပြင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်လည်း တက်ရောက်သည်။

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်ဟိန်ကလည်း SNLD နှင့် NLD တို့အကြား ရပ်တည်ချက်နှင့် နိုင်ငံရေး ရှုမြင်သုံးသပ်မှုများ နီးစပ်ခဲ့ကြောင်းနှင့် ပါတီနှစ်ရပ်အကြား တသားတည်း ဖြစ်ခဲ့သော သမိုင်းဝင် အဖြစ်အပျက်များ ရှိခဲ့ကြောင်း ပြောသည်။

SNLD အနေဖြင့် နိုင်ငံတွင်း ကြုံတွေ့နေရသည့် လူမှုစီးပွား အကျပ်အတည်းများ၊ နိုင်ငံတကာ ဖိအားများကို ရင်ဆိုင် ဖြေရှင်းရာတွင်လည်းကောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး ကြိုးပမ်းရာတွင် ထဲထဲဝင်ဝင် ပါဝင်ကူညီနေကြောင်းနှင့် မူဝါဒ တူညီသည့် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ အင်အားစုများနှင့် လက်တွဲရင်ဆိုင် ဖြေရှင်းသွားမည်ဟုလည်း နှစ် ၃၀ ပြည့် အခမ်းအနား ထုတ်ပြန်ချက်တွင် ပါရှိသည်။

SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ နေရာအများဆုံး ရရှိခဲ့သည့် ပါတီဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ရှမ်းပြည်နယ်၌ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည်။

လာမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၃ နေရာအနက် ရှမ်းပြည်နယ် လဲချားမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် SNLD က စီစဉ်ထားပြီး တိုင်းရင်းသား လက်နက်ကိုင်များရှိသည့်အတွက် စည်းရုံးရေး အခက်အခဲများ ရှိကြောင်းလည်း သိရသည်။

ဦးစိုင်းညွန့်လွင်က “လက်နက်ကိုင်နယ်မြေတွေ စည်းရုံးရတာတော့ သူတို့ဆီက သဘောတူမှု ရဖို့တော့ လိုတယ်။ ငြိမ်းချမ်းရေး လက်မှတ် မထိုးရသေးရင်တော့ မညှိနှိုင်းရဲပါဘူး” ဟု ဆိုသည်။

SNLD အနေဖြင့် လောကပါလတရားနှင့် ဆန့်ကျင်သည့် မညီမျှမှု၊ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်အနိုင်ကျင့်မှုနှင့် တရားမဲ့မှုများကို ဆန့်ကျ်ငသွားမည်ဖြစ်ပြီး တရားမျှတသော လူ့ဘောင်တရပ် ပေါ်ထွန်းရေးကို လက်တွဲဖော် နိုင်ငံရေးအင်အားစုများနှင့်အတူ လက်တွဲလုပ်ကိုင်သွားမည်ဟုလည်း ထုတ်ပြန်ချက်မှတဆင့် ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading