နိုင်ငံတော်မှ ပေးအပ်သည့် အဆောင်အယောင်နှင့် လစာများအပေါ် ပျော်မွေ့နေဖို့ ရာထူးပေးထားခြင်း မဟုတ်ဘဲ မိမိတို့ တာဝန်ယူစဉ် ကာလ ပြည်သူများအတွက် အကောင်းဆုံး အလုပ် လုပ်ပေးဖို့ လိုအပ် ကြောင်း သမ္မတ ဦးဝင်းမြင့်က ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ယနေ့ မှာကြားသည်။
သမ္မတ ဦးဝင်းမြင့်မှာ ငဝန်မြစ်ကူးတံတား အမှတ်၂(ပုသိမ်) တည်ဆောက်ရေး စီမံကိန်းဖွင့်ပွဲသို့ ယနေ့ နံနက်ပိုင်းက တက်ရောက် ဖွင့်လှစ်ပေးပြီးနောက် စီမံကိန်းရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများကို ထိုသို့မှာကြားခြင်းဖြစ်သည်။
“ကိုယ့်တိုင်းကို ကိုယ်တာဝန်ယူတုန်းကာလမှာ ကိုယ်လုပ်နိုင်ကိုင်နိုင်တာ လုပ်ပေးကြဖို့လိုတယ်။ ဒီတာဝန်ပေးထားတာက ကိုယ့်ရဲ့အစွမ်းအစပြဖို့ ပေးထားတာ။ ငုတ်တုတ်ထိုင်ပြီး မေ့နေဖို့၊ သာယာ ပျော်မွေ့နေဖို့၊ ဒီလစာနဲ့အဆောင်အယောင် အပေါ်မှာ ခံစားနေဖို့ ပေးထာတာ မဟုတ်ဘူး။ စွမ်းရည်ပြ ဖို့ ပေးထားတာ။ အဲဒါတော့ ခေါင်းထဲမှာ ရှိစေချင်တယ်”ဟု သမ္မတ ဦးဝင်းမြင့်က ပြောသည်။
သမ္မတ ဦးဝင်းမြင့်မှာ ဓနုဖြူမြို့နယ်တွင် မွေးဖွားခဲ့သူ ဧရာဝတီတိုင်းသား ဖြစ်ပြီး၊ ပုသိမ် အမှတ် ၆ နယ်မြေ၊ ကုသိဋာရုံ အတွင်းလမ်း နေအိမ်တွင် နေထိုင်၍ အမှတ် (၆) အခြေခံပညာ အထက်တန်း ကျောင်းတွင် အထက်တန်း ပညာသင်ယူခဲ့သူ ကျောင်းသားဟောင်း တဦးလည်း ဖြစ်သည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ကာ ယခုနှစ် နှစ်ဆန်းပိုင်းတွင် သမ္မတတာဝန် လက်ခံရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပုသိမ်မြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းမှာ တခြားသော ပြည်နယ်အချို့ထက်ပင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့်အတွက် မိမိအနေဖြင့် ခံစားရကြောင်းလည်း ၎င်းက ပြောဆိုသည်။
“တိုင်းကလည်း တက်တက်ကြွကြွ စိတ်ရှိရမယ်။ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဆန္ဒပြင်းပြရမယ်။ လုပ်ချင် ကိုင်ချင်တဲ့ ဝိရိယ မလျှော့ဘဲ ထားရမယ်။ လုပ်ချင်ကိုင်ချင်တဲ့ အတွေးအခေါ် တီထွင်ကြံဆရမယ်။ လမ်းဟောင်းအတိုင်း လမ်းရိုးအတိုင်းပဲ မလုပ်၊ မရှုပ်၊ မပြုတ်နဲ့ ယန္တရားလေးပုံမှန် လည်ပတ်ရုံပဲ ဆိုရင်တော့ ကျနော်တို့တိုင်းက ကျန်ခဲ့လိမ့်မယ်။ ကျနော် တိုင်း နဲ့ပြည်နယ် အများကြီးသွားခဲ့တယ်။ တချို့ပြည်နယ်အသေးတွေလောက်တောင်မှ ကျနော်တို့တိုင်း မဖြစ်သေးတာ မြင်ရတော့ ကျနော် အများကြီးခံစားရတယ်”ဟု သမ္မတ ဦးဝင်းမြင့်က ဆိုသည်။
ထို့ပြင် တံတားတည်ဆောက်ရေးစီမံကိန်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘတ်ဂျက်သုံးစွဲမှုများတွင် အလေအလွင့် မရှိစေရေးနှင့် အစိုးရတာဝန်ရှိသူများကို ပြည်သူများထံ အပ်နှံ ထားသည့်အတွက် တိုင်ကြားလာပါက မည်သူ့ကိုမှ ဖုံးဖိကာကွယ်နေမည် မဟုတ်ကြောင်း သမ္မတက ဆက်လက် ပြောဆိုသည်။
“ဘတ်ဂျက် တွေ အလေအလွင့်မရှိဘူးဆိုရင် တံတား ၂ စင်းနေရာမှာ ၃ စင်း ဆောက်နိုင်မယ်။ အလေ အလွင့် ရှိလာရင် ပြည်သူတွေကရော လွှတ်တော်ကိုယ်စားလှယ်တွေကပါ ကြပ်မတ်ပေးကြပါ။ တည့် တည့် ပြောရရင် ကျနော်တို့ တဖွဲ့လုံးကို အရပ်ကို အပ်ထားတယ်။ အရပ်ကတိုင်လာလို့ကတော့ ကျနော်တို့ကတော့ ကျောသားရင်သား မခွဲခြားဘူး။ အရှိအတိုင်းပဲ ဖုံးတာဖိတာ ကာတာ၊ ကွယ်တာ တွေ မရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ်။ အရပ်ကို အပ်ထားပါတယ်။ အရပ်ကလည်း စောင့်ကြည့် ထိန်းသိမ်း ပေးပါ”ဟု သမ္မတ ဦးဝင်းမြင့်က ပြောဆိုသည်။
သမ္မတ ဦးဝင်းမြင့်မှာ ပုသိမ်တံတား အမှတ် ၂ တည်ဆောက်မည့်အခြေအနေ ရှင်းလင်း တင်ပြမှုများကို ကြည့်ရှုပြီးနောက် အမှာစကားပြောကြားပြီး ပုသိမ်မြို့တဖက်ကမ်းသို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ပုသိမ်မြစ်ကမ်းနားတလျှောက် သင်္ဘောဖြင့် လှည်လည်ကြည့်ရှုခဲ့ပြီး ပုသိမ် ရွှေမုဌော မဟာစေတီတော်အား ဖူးမျှော်ကာ နေ့လည် ၁ နာရီတွင် ဧရာဝတီတိုင်း၏ ဥပဒေပြုရေး၊ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေးစသည့် မဏ္ဍိုင် ၃ ရပ်နှင့် မြို့တော်ခန်းမတွင် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။