နိုင်ငံကျော် စာရေးဆရာ ချစ်ဦးညိုဟာ မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီကျော် အချိန်မှာ တောင်ဒဂုံမြို့နယ် နတ်ယမုံစမ်း အိမ်ရာနားမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တယ်။ ယာဉ်မတော်တဆမှုကြောင့် ဘယ်ဘက်လက်ဖျံရိုး ကျိုးသွားပြီး တင်ပဆုံရိုး ကျိုးသွားတယ်လို့ ဆရာချစ်ဦးညို၏သား လင်္ကာညိုမှ ဧရာဝတီကို ပြောပါတယ်။
“လောလောဆယ်တော့ စံပြဆေးရုံမှာ ဘယ်ဘက်လက်ဖျံရိုး ကျိုးသွားတယ်။ အခု ကျောက်ပတ်တီး ကိုင်ထားတယ်။ တင်ပဆုံရိုး ဟသွားတာကို ညတွင်းချင်း ခွဲစိတ်ပြီး စတီးချောင်းထည့် ခဲဆွဲထားရပါတယ်။ မေးစေ့အနည်းထိပြီး ကိုယ်တွင်း အင်္ဂါများ ဘာမှ ထိခိုက်မှုမရှိဘဲ လက်ရှိ သတိကောင်းစွာရပြီး သင်္ကန်းကျွန်းစံပြဆေးရုံမှ ဆာကူရာဆေးရုံသို့ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်”လို့ ဆိုပါတယ်။
ဒီလိုဖြစ်ပွားမှုကြောင့် လတ်တလောမှာ ဆေးရုံတက်နေရတဲ့အတွက် စာပေဟောပြောပွဲများကို ရပ်နားထားပြီး စိတ်ပူနေမယ့် စာပေပရိသတ်များအတွက် သူရဲ့ Facebook မှာ ဗီဒီယိုစကားပြောတခုကို တင်ထားတယ်လို့လည်း သိရပါတယ်။
“အခု အဖေက လက်ခံ ထားသော စာပေဟောပြောပွဲတွေကို အခု လောလောဆယ် နားထားရတယ်။ အဖေကိုယ်တိုင်လည်း Facebook မှာ ဗီဒီယိုလေး ပြောထားတာ တင်ပေးထားပါတယ်။ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး။ ဟိုဘက် Taxi သမားကတော့ ခေါင်းကွဲသွားတယ်။ နောက်မှာပါလာတဲ့ ခရီးသည်လည်း ထိသွားတယ်လို့ပြောတယ်”လို့ ဆရာချစ်ဦးညိုရဲ့ သားက ပြောပါတယ်။
“ယာဉ်တိုက်မှုကတော့ Taxi ဘက်က အမှားကပါ။ Taxi က လမ်းပြောင်းပြန်ကြီး ဝင်လာတာ။ အမှုတွေ ဘာတွေ ဖွင့်ဖို့ မရှိပါဘူး။ ကားအာမခံထားထားတာကြောင့် ကားအာမခံကပဲ အလျော်အစား အကုန် လုပ်သွားမှာပါ” လို့ ကိုလကာၤညိုက ဆိုပါတယ်။
ဆရာချစ်ဦးညို လက်ခံထားတဲ့ စာပေဟောပြောပွဲများကိုတော့ ဒီဇင်ဘာလလောက်မှသာ ပြန်လည် လက်ခံ ဟောပြောနိုင်မှာလို့ သိရပါတယ်။