လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မန္တလေးတိုင်းဒေသကြီး မြင်းခြံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ကိုယ်စားလှယ်လောင်း၏ မဲဆွယ်ဆိုင်းဘုတ် အောက်တိုဘာလ ၂၈ ရက် ညပိုင်းက ဖျက်ဆီးခံရကြောင်း သိရသည်။
မြင်းခြံမြို့ အမှတ် ၁၉ ရပ်ကွက်တွင် စိုက်ထူထားသည့် DPNS ပါတီ၏ မဲဆွယ်ဆိုင်းဘုတ်တွင် ပါရှိ သည့် ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်ပုံ၏ မျက်နှာနေရာအား ဆုတ်ဖြဲ ဖျက်ဆီးခံခဲ့ရ ခြင်းဖြစ် ကြောင်း သိရသည်။
DPNS ပါတီ မဲဆွယ်စည်းရုံးရေး တာဝန်ခံ မန်နေဂျာ ဦးမျိုးဟန်က “ဒါ မလုပ်သင့်တဲ့အလုပ်တွေ။ ဒီမိုကရေစီယဉ်ကျေးမှု အရ ဒါမျိုးတွေ မရှိသင့်ဘူး။ အခုက ရွေးကောက်ပွဲနား နီးလာလေလေ ဖျက်လို့ ဖျက်ဆီးသမားတွေ တွေ့လာလေပေါ့” ဟု ပြောသည်။
ထို့အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားရန် စီစဉ်ထားပြီး တရားခံကို စုံစမ်း ဆဲ ဖြစ်သည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ရန် မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်ကလည်း ယင်းဒေသရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကိုယ်စား လှယ်လောင်းများပုံပါ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များကို ဖြဲဆုတ်ခြင်း၊ မျက်နှာနေရာအား ဆေးမည်းသုတ်ကာ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့သည်။
ဦးမျိုးဟန်က “ဂွနဲ့ပစ်တာတို့၊ တုတ်နဲ့လှမ်းရိုက်တာတို့၊ လှမ်းဖြဲတာတို့မဟုတ်ဘဲ သူက စနစ်တကျ မျက်နှာကို ချိန်ပြီးတော့ ချိတ်နဲ့ ချိတ်လိုက်တယ်။ ပြီးမှ ဖြဲပစ်တယ်။ အဲဒီမျက်နှာကနေ ဖြဲပုံဖြဲနည်း တွေက အကုန်လုံး အတူတူဖြစ်နေတဲ့အတွက် ဒီ လူဟာ မြို့ထဲမှာလည်း ဖြဲနေတဲ့သူတယောက် ဖြစ်တယ်ဆိုတာ သေချာတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးပေါခင် အရွေးချယ်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့သည့်အတွက် လာမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။
လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား နေရာအတွက် NLD မှ ဦးစိန်မြင့်၊ USDP မှ ဒေါက်တာသန်းဝင်း၊ DPNS မှ ဦးဖြိုးဟန်နှင့် ပြည်သူ့အလုပ်သမားပါတီ (PLP) မှ ဦးရဲကျော်အောင်တို့က ဝင်ရောက် ယှဉ်ပြိုင်ကြ
မည် ဖြစ်သည်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာ အနက် မြင်းခြံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တနေရာသာ ဝင်ရောက်ယှဉ် ပြိုင်ခြင်း ဖြစ်ပြီး ၂၀၁၅ ရွေးကောက် ပွဲတွင်မူ မဲဆန္ဒနယ် ၂၀ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။
သို့သော် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင် မည့် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးခင်သန်းမောင်၏ မဲဆွယ်ဆိုင်းဘုတ် ကို ရသေ့တောင် မြို့လယ် လမ်းခွဆုံတွင် စိုက်ထူထားရာ နှစ်ကြိမ်တိုင် ဖျက်ဆီးခံရသည်။
လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၁၃ ခုရှိပြီး ပြည်သူ့လွှတ်တော် အတွက် တာမွေ၊ မြင်းခြံ၊ ကန်ပက်လက်နှင့် လဲချား၊ အမျိုးသား လွှတ်တော် အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်း (ရန်ကုန်) နှင့် မန္တလေးတိုင်းအတွက် ရှမ်း တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်တို့ ဖြစ်သည်။
လက်ရှိ အာဏာရ NLD ပါတီအနေဖြင့် လစ်လပ်နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကာ ကြံ့ခိုင်ရေး ပါတီ ကမူ တိုင်းရင်းသား နယ်မြေများမှအပ ကျန်နေရာအားလုံးတွင် ယှဉ်ပြိုင်မည် ဖြစ်သည်ဟု သိရသည်။
ဆက်စပ်သတင်း
- မြင်းခြံတွင် ကြံ့ခိုင်ရေး မဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးခံရ
- NLD မဲဆွယ် ဆိုင်းဘုတ် ဖျက်ဆီးသူအား ရဲတပ်ဖွဲ့ စုံစမ်းနေ