နေပြည်တော် လေဆိပ်၌ လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကို တင့်ဆန်း အမှုတွင် တရားသူကြီး လာရောက်နိုင်ခြင်း မရှိသဖြင့် ယနေ့ရုံးချိန်း ပျက်ကြောင်း သတင်း ရရှိသည်။
ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင် က“ခရိုင်တရားသူကြီးက တာဝန်နဲ့ အစည်း အဝေး နှစ်ခု တက်နေတဲ့ အတွက်ကြောင့် ဒီနေ့ အမှုကို မစစ်ဖြစ်ဘူး။ ရန်ကုန်ကနေပြီးတော့ ဒက္ခိဏခရိုင် တရားရုံးကို လွှဲတဲ့ အမှုတွေ စစ်ဖို့ ချိန်းထားတာ။ မူလ အမှုစစ် တရားသူကြီး မရှိတဲ့အတွက်ကြောင့် ဒီအမှုကို မစစ်ဖြစ်တာပါ”ဟု ပြောသည်။
ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရား လွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ သီရိ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများ ကို နေပြည်တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ တနင်္လာနေ့တိုင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အပတ်စဉ် အမှုများကို အလှည့်ကျ စစ်ဆေးမည်ဟု ရုံးချိန်းရက် သတ်မှတ်ထားသော်လည်း ရုံးထုတ် စစ်ဆေးရန် မကြာခဏ ပျက်ကွက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။
ရှေ့နေ ဦးမြင့်အောင်က“ရုံးချိန်း ခဏခဏ ပျက်တယ်ဆိုတဲ့ အနေအထားကတော့ အမှုဆိုတာက သက်သေရယ်၊ နှစ်ဘက် ရှေ့နေရယ်၊ တရားသူကြီးရယ် အားလုံး ဆုံမှ တရားခွင် ဆိုတာ ဖြစ်လာတာပါ။ လက်ရှိ အနေအထား ကတော့ ရှေ့နေ တွေ ကတော့ ပုံမှန်ပဲ ပျက်တာ မရှိသေးဘူး။ ဒါပေမယ့် သက်သေတွေ မလာလို့လည်း မချိန်းဖြစ်တာ တွေ ရှိတာပေါ့”ဟု ပြောသည်။
အောက်တိုဘာ ၂၉ ရက် ရုံးချိန်း၌ ဒက္ခိဏ သီရိ ခရိုင် တရားသူကြီး ဦးတင့်လွင်သည် တာဝန်အရ အစည်းအဝေး တက်ရောက် နေသဖြင့် ယနေ့ အမှု မစစ်ဖြစ်ကြောင်း ဒုခရိုင် တရားသူကြီး ဦးဝင်းဇော်ညွန့်က တရားခွင်တွင် ပြော သည်။
၎င်းက“ဖြိုးကိုကိုတင့်ဆန်းပါ ၈ ယောက်လုံးကို ဒီနေ့ မစစ်ဖြစ်ဘူး။ ခရိုင်တရားသူကြီးက အခမ်းအနား တခုက အစည်း အဝေး သွားနေလို့ လာမည့် နိုဝင်ဘာ ၁၂ ရက်နေ့ကို ပြန်ချိန်းပါတယ်”ဟု ပြောကြားသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ရန်ကုန်မှ စွပ်စွဲခံရသူ တရားခံ ၄ ဦး ဖြစ်ပြီး၊ ဇူလိုင်လ ၁၁ ရက်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးကို နေပြည်တော်သို့ လွှဲပြောင်းခဲ့ကြောင်း ယင်းသို့ စွပ်စွဲခံရသူ တရားခံ ၄ ဦး အနက် အမျိုးသမီး တဦးမှာ အာမခံ ရရှိထားသဖြင့် အမျိုးသား ၃ ဦးကို နေပြည်တော် အချူပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟုလည်း သိရသည်။
ပဲခူးတိုင်း ဒေသကြီးမှ တရားလွှတ်တော် ရှေ့နေ ဦးအောင်ထွန်းက“အမှုကို စစ်ဆေးပုံ စစ်ဆေးနည်း မှန်ကန်ဖို့ အရေး ကြီးတယ်။ အခုလို ဦးဖြိုးကိုကိုတင့်ဆန်းလို အမှုမျိုးဟာ အများပြည်သူက စိတ်ဝင်စားတဲ့ အမှုမျိုး ဖြစ်ပါတယ်။ အဲဒီလို အမှုမျိုး ဖြစ်နေတဲ့ အတွက် ကြန့်ကြာ နေပေမယ့်လည်း တရားရုံးက ဆုံးဖြတ်တဲ့ အခါမှာ မှန်ကန် တိကျဖို့ လိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ဒက္ခိဏခရိုင် တရားရုံး၌ ဇန်နဝါရီ လဆန်းပိုင်းမှ စတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ၁၀ လကျော် ကြာမြင့်သည် အထိ တရားလိုပြသက်သေ ၄၀၀ ကျော် စစ်ဆေးရန် ရှိသော်လည်း လက်ရှိ အချိန်ထိ ၁၀၀ ကျော်သာ စစ်ဆေးပြီးကြောင်း သိရသည်။
“နေပြည်တော်က အမှုကတော့ တဝက်လောက် ကျော်သွားပြီ။ ရန်ကုန်က လွှဲတဲ့ အမှုကတော့ အခုမှ စစစ်မယ့် အနေ အထား ဖြစ်နေတယ်။ သက်သေတွေတော့ အနည်းအကျဉ်းတော့ စစ်ပြီးပြီ။ သို့သော်လည်း တဝက်နီးပါးလောက်တော့ မရောက်သေးဘူး”ဟု ဦးမြင့်အောင်က ပြောသည်။
ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်မှု၊ လက်နက်မှု၊ နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် တုပ သုံးစွဲမှု၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ အစရှိသည့် ပုဒ်မ တို့ဖြင့် အမှုပေါင်း ၂၀ ကျော် စွဲဆိုထားခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံး နှင့် နေအိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများ ကို တွေ့ရှိခဲ့သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။