ကရင်အမျိုးသားအစည်းအရုံး (KNU) က လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်ခြင်းကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဌ လည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အောက်တိုဘာလ ၂၇ ရက်နေ့က စာတစောင်ပေးပို့ခဲ့သည်။
“အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှု ဖြစ်ရန်” နှင့် “အဖွဲ့အစည်း တခုလုံး တညီတညွတ်တည်း ပါဝင်ရန် လုံလောက်သည့် အချိန်ကာလတခု ရယူရန် လိုအပ်သည့်အတွက်” ဖြစ်ကြောင်း KNU က အဆိုပါစာတွင် ပြောသည်။
အမည်မဖော်လိုသူ KNU ခေါင်းဆောင်တဦးက ဆွေးနွေးမှုများမှ ဆိုင်းငံ့ထားရန် အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က မျှော်မှန်းထားသလို သွားနေခြင်း မရှိသောကြောင့် ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ အောက်တိုဘာလ ၂၈ ရက် နေ့က ပြောကြားခဲ့သည်။
KNU အဖွဲ့အတွင်းတွင်လည်း အကျေအလည် ဆွေးနွေးမှုများ ဆက်လက်ရှိနေမည် ဖြစ်ပြီး၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်(NCA) လက်မှတ်ထိုးထားသည့် KNU သည် ဥက္ကဌ စောမူတူးစေးဖိုး ပြောထားသည့်အတိုင်း NCA လမ်းကြောင်း အတိုင်း ဆက်သွားမည်ဟု သူက ပြောသည်။
KNU က လာမည့်လအတွင်းတွင် ဗဟိုကော်မတီ အစည်းအဝေးတခု ကျင်းပရန်လျာထားသည့်အတွက် လက်ရှိ အခြေအနေကို ဆွေးနွေးရန် ရှိကြောင်းလည်း သိရသည်။
ထို့ပြင် KNU က ၎င်းဦးဆောင်သော NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) သို့ သီးခြားစာ တစောင်ပေးပို့ခဲ့သည်။ ထိုစာတွင် KNU က နိုဝင်ဘာ ဒုတိယပတ်အတွင်းတွင် ကျင်းပရန်ရှိသော PPST အစည်းအဝေးသို့ တက်ရောက်လိမ့်မည် မဟုတ်ကြောင်း ဖော်ပြထားသည်။
အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်များက နေပြည်တော် တွင်ပြုလုပ်ခဲ့သော အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး၏ သဘောတူညီချက်များအား အဖွဲ့အစည်းအတွင်း ပြန်လည် ချပြခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်း၊ ညှိနှိုင်းလုပ်ဆောင်ခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း KNU ကပြောသည်။
“အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အသစ်ဖြစ်သည့် ယန္တယား၊ မူဘောင်နှင့် ဆုံးဖြတ်ချက် ချ မည့် ပုံစံအား အားလုံးနားလည်ရန် နှင့် သဘောတူညီမှု ရယူရမည် ဖြစ်ပါသည်” ဟု အဆိုပါစာတွင် ဖော်ပြထားသည်။
ထိုစာပေးပို့ခဲ့သည့်အတွက် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အတွင်း ရန်ကုန်မြို့တွင် ကျင်းပရန် ရှိနေသည့် နိုင်ငံရေးဆွေးနွေးမူဘောင် ပြန်လည်သုံးသပ်သည့် အစည်းအဝေးသို့ KNU က တက်ရောက်မည် မဟုတ်ပါ။ အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ တက်ရောက်မည့် အဆိုပါ အစည်းအဝေးအတွက် ဇူလိုင်လ ကတည်းက စီစဉ်နေခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
ယုံကြည်မှု အကြီးအကျယ် ပျောက်ဆုံးနေခြင်း
လက်ရှိနိုင်ငံရေး အခြေအနေနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ ယုံကြည်မှုများ ပျောက်ဆုံးနေသည်မှာ ဆိုးသည်ဟု ငြိမ်းချမ်းရေး ကော်မရှင်၏ အကြံပေးတဦးဖြစ်သည့် ဦးလှမောင်ရွှေက ဆိုသည်။ ၎င်းသည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် ကတည်းက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်ပတ်သက်နေသူ ဖြစ်သည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အဆိုးဆုံးပဲဆိုတာ ပျက်သွားတာကို ပြောတာမဟုတ်ပါဘူး။ အခြေအနေအရ နှစ်ဘက်စလုံးမှာ ယုံကြည်မှာ ပျက်တာ ကျနော် အတွေ့အကြုံ ၇ နှစ်အတွင်းမှာ ဒါအဆိုးဆုံးပဲ” ဟု သူကပြောသည်။
”ဘာဆက်လုပ်မလဲဆိုတဲ့ဟာကတော့ တပ်မတော်နဲ့ အစိုးရခေါင်းဆောင်တွေရဲ့ လိမ်မာပါးနပ်စွာ ချဉ်းကပ်နိုင်ရင် သက်သာမှာပေါ့” ဟု ဦးလှမောင်ရွှေက သုံးသပ်သည်။
ငြိမ်းချမ်းရေး မိတ်ဘက်အဖွဲ့များကြားတွင် အပြန်အလှန်ယုံကြည်မှု ရရှိရေးပြောဆိုနေကြသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ခဲ့သည့် အချိန်ကတည်းက ဖြစ်သော်လည်း ယခုအချိန်အထိ မအောင်မြင်သေးပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် အစိုးရတပ်ဖွဲ့များက ဆယ်စုနှစ် ၇ ခုကြာ တိုက်ခိုက်ခဲ့ကြပြီး၊ ထိုနှစ်ကာလကြာတိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းအပေါ် တပ်မတော်နှင့် အစိုးရတို့၏ ဆက်ဆံပြုမူမှုက ယုံကြည်မှု တည်ဆောက်ရေးအပေါ် သက်ရောက်စေသည်။
တပ်မတော်က NCA လက်မှတ် ထိုးထားသည့် အဖွဲ့ များနှင့်ရော လက်မှတ်ထိုးမထားသည့် အဖွဲ့များနှင့်ပါ စစ်ရေးအရ ထိတွေ့မှုများ ဆက်ရှိနေဆဲလည်း ဖြစ်သည်။
KNU တပ်မဟာ ၅ ထိန်းချုပ်သည့် ဖာပွန်ခရိုင်အတွင်းတွင် တပ်မတော်က ပြန်လည် ဖောက်လုပ်လိုသော လမ်းတလမ်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် မတ်လအတွင်းတွင် KNU နှင့် တပ်မတော်တို့ကြားတွင် ဆက်ဆံရေး အဆင်မပြေမှုများ ပေါ်ပေါက်ခဲ့သည်။
နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာ လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် ဦးမောင်မောင်စိုးက လမ်းပြန်လည်ဖောက်လုပ်ခြင်းသည် ဒေသဖွံ့ဖြိုးရေးအတွက် မဟုတ်ဘဲ စစ်ရေး ရည်မှန်းချက်နှင့် သက်ဆိုင်သည်ဟု KNU က ယူဆသည့်အတွက် အဆိုပါ ပြဿနာနှင့် ပတ်သက်၍ နားလည်မှု မရရှိခဲ့ကြောင်း ပြောသည်။ အဘယ်ကြောင့်ဆိုသော် ဥပမာပြရပါမူ ရှမ်းပြည်နယ် ကျိုင်းတုံနှင့် မိုင်းလားတွင် ကောင်းမွန်သော အခြေအနေရှိသော လမ်းများကိုမူ တပ်မတော်က ပိတ်ထား၍ ဖြစ်သည်။
“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကနေ ခေတ္တရပ်ဆိုင်းဖို့ KNU ရဲ့ ဆုံးဖြတ်ချက် နောက်ပိုင်းမှာ တကယ်လို့ တပ်မတော်က စစ်ရေးဖိအားကို တိုးမြှင့်ခဲ့မယ်ဆိုရင် အရမ်း အခြေအနေ ဆိုးသွားလိမ့်မယ်” ဟု သူက သုံးသပ်သည်။
ယုံကြည်မှု ကင်းမဲ့နေခြင်းနှင့် အတူ ခလုပ်ကန်သင်း အတားအဆီးများက ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများကို ရပ်တန့် နေစေခဲ့သည်။ အကြီးဆုံး အတားအဆီးများထဲမှ တခုမှာ ၂၀၁၇ ခုနှစ် မေလ အတွင်းက ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် တပ်မတော်က အကယ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ခွဲမထွက်ရေး ကတိမပြုခဲ့ပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်တိုင်ပြဌာန်းခွင့်များ အာမခံပေးနိုင်စေမည့် ပြည်နယ်ဆိုင်ရာအခြေခံဥပဒေ ရေးဆွဲရေး ဆွေးနွေးမှုများကို ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည့် အချိန်တွင် ဖြစ်သည်။
အဆိုပါ အချက်ကို ၂၁ ပင်လုံငြိမ်းချမ်းရေး ညီလာခံ တတိယကြိမ် အစည်းအဝေးတွင်လည်း ချန်လှပ်ထားခဲ့ရသည်။
တင်းမာမှု တိုးများလာခြင်း
“နိုင်ငရေးအရ အဆုံးအဖြတ်ပေးရမယ့် အချိန်ရောက်လာတာကြောင့် ဒီလို ပြဿနာတွေ ပေါ်လာတယ်” ဟု ဦးမောင်မောင်စိုး က မှတ်ချက်ပြုသည်။
အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သီးသန့်ဆွေးနွေးပွဲ မတိုင်မီတွင် ထိုသီးသန့်ဆွေးနွေးမှုများကို ဆိုင်းငံ့ရန် KNU က ဆန္ဒ ရှိခဲ့သည့်အတွက် KNU အဖွဲ့အတွင်း နှင့် PPST အတွင်းတွင်လည်း ငြင်းခုံမှုများ မြင့်တက်ခဲ့သည်။
KNU အဖွဲ့အတွင်းတွင် သဘောထားတင်းမာသူများက ဆွေးနွေးမှုများကို ရွှေ့ဆိုင်းရန် တိုက်တွန်းခဲ့ကြပြီး ပြင်ဆင်ရေးအတွက် အချိန် ထပ် လိုအပ်ကြောင်း ပြောဆိုကြသည်။ သို့သော်လည်း KNU မှ ဥက္ကဌ စောမူတူးစေးဖိုး နှင့် ဒုတိယဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းတို့က PPST ၏ စုပေါင်း အတည်ပြုချက်ရယူပြီး ရှေ့ဆက်ခဲ့သည်။ PPST ကိုယ်တိုင်က အစောပိုင်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေခြင်းကြောင့် နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ထိပ်သီး ဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကို စတင်ခဲ့ကြသဖြင့် အဖွဲ့ဝင်အများစုက ရှေ့ဆက်ဆောင်ရွက်ရန် ဆန္ဒရှိခဲ့ကြသောကြောင့် ဖြစ်သည်။
ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် အောက်တိုဘာလ အစောပိုင်းတွင် PPST က သဘောတူခဲ့သည့် အတွက် စိုးရိမ်မှုများ လျော့ကျမသွားဘဲ ရှိနေခဲ့သည်။ ထို့အတူ သီးသန့် ထိပ်သီးအစည်းအဝေးကလည်း မည်သည့် ခိုင်မာသော သဘောတူညီချက်မှ မရရှိခဲ့ဘဲ တပ်မတော်က ၎င်း၏ ခွဲမထွက်ရေး သဘောတူညီချက်ကို ဆက်လက် တွန်းအားပေးသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ၎င်းတို့ အနေဖြင့် တပ်ဖွဲ့များကို မြန်မာ့တပ်မတော် အတွင်းသို့ ပေါင်းစည်းရေး နှင့် ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရ အဆိုကို ရှမ်းပြည်သူလူထု အသိုင်းအဝိုင်းနှင့် ညှိနှိုင်းဆွေးနွေး သဘောထားရယူခြင်း မရှိဘဲ လက်ခံ စဉ်းစားလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့၏ ရပ်တည်ချက်ကို ကြေညာခဲ့သည်။
တခုတည်းသော တပ်မတော် ထားရှိရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မူအားဖြင့် သဘောတူသော်လည်း အမျိုးမျိုးသော လက်နက်ကိုင် အဖွဲ့အစည်းများကို တခုတည်းအဖြစ်သို့ ပူးပေါင်းရေးနှင့် ပတ်သက်၍ နောက်ထပ် အကျေအလည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်း EAOs များဘက်က ပြောဆိုထားသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂ ခုဖြစ်သည့် KNU နှင့် RCSS တို့က ဆွေးနွေးညှိနှိုင်းမှုများအပေါ် စိတ်ပျက်နေကြသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့သို့ ဆက်သွားနိုင်/မနိုင် လေ့လာ စောင့်ကြည့်သူများက စိတ်ဝင်တစားရှိကြသည်။
၂၀၂၀ ခုနှစ် တွင် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောဆိုထားသည်။ “ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေက အကြိတ်အနယ်ငြင်းခုံမှုတွေနဲ့ ၂၀၂၀ အထိ ဆက်သွားလိမ့်မယ်” ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေး လေ့လာဆန်းစစ်သူ ဦးမောင်မောင်စိုးက ဆိုသည်။
(Analysis: Why Did the KNU Temporarily Leave Peace Talks? ကို ဘာသာပြန်ဆိုသည်။)