သတင်း

ဘိုကလေး ရဲစခန်း အတွင်း အချုပ်သားတဦး သေနတ်မှန် သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့မ ရဲစခန်းတွင် အချုပ်သား တဦး သေနတ်မှန်၍ သေဆုံးမှု ယမန် နေ့ ညနေပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘိုကလေး မြို့မ စခန်းတွင် ရဲတပ်သား အောင်သူသည် ကင်းတာဝန် ထမ်းနေချိန် အောက်တိုဘာ ၂၈ ရက် ည နေ ၄ နာရီခန့်က အချုပ်ခန်း အတွင်း အချုပ်သား ၂ ဦး စကားများနေသဖြင့် အနီးကပ် ကြည့်ရှုစဉ် သေနတ် မောင်း ခလုတ် မှားနှိပ်မိရာမှ ကျည်ထွက်၍ အချုပ်သား ကိုထွန်းမင်း (ခ) အငယ်လေး အသက် (၁၉ နှစ်)၏ ပါးစပ်အတွင်း ကျည် ဖောက် ထိမှန်သည့် အတွက် သေဆုံးခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးက ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ပြောရေး ဆိုခွင့် ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“တပ်ဖွဲ့ဝင် တယောက်က ကျည်မတော် တဆ ထွက်သွားတယ်။ အဲဒီမှာ ကျည်က အချုပ်သား တယောက်ကို ထိမှန်ပြီး သေဆုံးခဲ့တာပါ”ဟု ဧရာဝတီကို ပြောပြသည်။

သေဆုံးသူ ကိုထွန်းမင်း (ခ) အငယ်လေးမှာ ဘိုကလေးမြို့တွင် ကျောင်းဆရာမ တဦးအား လုယက်သည့် ဖြစ်စဉ်၌ ပါ ဝင်သည် ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ပုဒ်မ ၃၉၄ ဖြင့် တရားစွဲဆိုထားသူ ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၃၉၄ မှာ လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု ဖြစ်စေလျှင် အရေးယူသည့် ပုဒ်မ ဖြစ်ပြီး အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း ထောင်ဒဏ် ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

အဆိုပါ အချုပ်သား သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်သား အောင်သူအား ဘိုကလေး မြို့မစခန်း တာဝန်မှူး ဒုရဲအုပ် ဇော် မင်းထွန်းမှ တရားလို ပြုလုပ်ကာ တရားစွဲဆိုပြီး ဘိုကလေးမြို့မ စခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဒုရဲမှူးကြီး ထွန်းရွှေက“ရဲတပ်သား အောင်သူက ပေါ့ပေါ့လျော့လျော့နဲ့ လက်နက်ကို ကိုင်တွယ်တဲ့ အတွက် ရာဇသတ် ကြီး ပုဒ်မ ၃၀၄- က နဲ့ အမှုဖွင့် ဖမ်းဆီးပြီး အရေးယူထားပါတယ်။ ရဲစည်းကမ်းအရ စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့ပြီး စစ်ဆေး သွားမှာပါ”ဟု ပြောသည်။

၃၀၄ – က မှာ လူသတ်မှု မမြောက်သည့် ရာဇဝတ် ပြစ်ဒဏ်ထိုက်သော လူသေစေမှု ဖြစ်ပြီး အဆိုပါ ပြစ်မှုကို ကျူးလွန် လျှင် ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်း ထောင်ဒဏ်ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ဘိုကလေး မြို့မ ရဲစခန်းတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်ကလည်း အချုပ်သား ၃ ဦးမှာ အချုပ်ခန်း ဖောက် ပြေး မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အချုပ်သားများအား ၂၄ နာရီ အတွင်း ပြန်လည် ဖမ်းဆီးနိုင်ခဲ့သော်လည်း အမှု အတွက် အဓိ က တာဝန်ရှိသည့် ဒုရဲအုပ် လှစိုး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဘိုကလေးမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က“ဘိုကလေးစခန်းမှာ အခု လို ပြဿနာတွေ ခဏခဏဖြစ်တယ် ဆိုတာက စီမံအုပ်ချုပ်မှု လျော့လျဲတာကြောင့် လို့ ထင်မိ တယ်။ နောက်တခုက ရဲဝန်ထမ်းဖွဲ့စည်းပုံ မပြည့်မီတာ၊ ရဲဝန်ထမ်း မလုံလောက်တာ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေးပိုင်း လိုအပ်ချက်တွေ ကြောင့်လည်း အခုလိုတွေ ဖြစ်နေတယ်လို့ ထင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရဲစခန်းတွေမှာ ဖွဲ့စည်းပုံ ပြည့်မီဖို့နဲ့ ရဲ ဝန်ထမ်းတွေ အရည်အသွေးပိုင်း မြှင့်တင်တာတွေ လုပ်ဆောင်သင့်ပါတယ်”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading