သတင်း

နေပြည်တော်တွင် အမျိုးသမီးတဦး မီးရှို့သတ်ခံရ

အစိုးရရုံးစိုက်ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီး တဦး မီးရှို့သတ်ခံခဲ့ရမှု အောက်တိုဘာလ ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဥတ္တရသီရိ မြို့နယ် ဘုရားကုန်း မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ Aung Myin Chan Thar Construction, WE & WE Interior Design Decoration ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း (ခ) မမီးငယ် ဆိုသူဖြစ်ပြီး ဥတ္တရသီရိမြို့၊ ရာဇသင်္ဂဟအိမ်ရာ (၂)၊ ကျွန်းချောင်း (၂) လမ်းရှိ ကုမ္ပဏီရုံးဖွင့်ထားရာ နေအိမ်ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ဘုရားကုန်း မြို့မရဲစခန်းက ပြောသည်။

ဘုရားကုန်း မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ဌေးက“ကုမ္ပဏီဝန်ထမ်းက သူ့အဝတ်အထည်တွေ မီးပူတိုက်ပြီး လာပို့ တာ၊ မီးခိုးတွေ ထွက်နေတာတွေ့တော့ ရေမီးတာဝန်ခံကို ဖုန်းဆက်ပြောတယ်၊ ရေမီးတာဝန်ခံက ဝင်ကြည့်တော့ မီးလောင်နေပြီး သေနေတာကို တွေ့တာ၊ မီးရှို့သတ်ခံရတာပေါ့”ဟု ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

သေဆုံးသူမှာ ရေချိုးခန်းအတွင်း ဒူးအထက်ပိုင်းမှစကာ ခန္ဓာကိုယ် တခုလုံး မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးနေခြင်း ဖြစ်ပြီး အခင်းဖြစ်ပွားရာ ရေချိုးခန်းအတွင်းနှင့် အနီးတွင်လည်း သွေးကွက်များ တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ စစ်ဆေး ချက် မှတ်တမ်းများအရ သိရသည်။

သေဆုံးသူ၏ ခန္ဓာကိုယ်မှာ မီးလောင်ခံထားရသဖြင့် သေစေနိုင်လောက်သည့် အဓိက ဒဏ်ရာများ ရှိ၊ မရှိကို အမြင်ဖြင့် စစ်ဆေးမရနိုင်ကြောင်းနှင့် ဦးခေါင်းတွင်လည်း ဒဏ်ရာတွေ့ရှိထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ရှင်းပြသည်။

စခန်းမှူး ဒုရဲမှူး တင်ဌေးက“ဦးခေါင်းပိုင်းမှာတော့ ဒဏ်ရာနည်းနည်းရှိတယ်။ အဲဒါက သေလောက်တဲ့ အဆင့်တော့ မဟုတ်ဘူး။ ဆေးရုံ (ရင်ခွဲရုံ) ကို ပို့ထားပါတယ်။ စစ်ဆေးတုန်းပဲ ရှိပါသေးတယ်။ ဆရာဝန်ရဲ့ သုံးသပ်ချက်ပေါ် မူတည် ပါတယ်”ဟု ဆိုသည်။

အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ စခန်းမှူး ဒုရဲမှူး တင်ဌေးက တရားလိုပြုကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး အမှုမှန် ဖော်ထုတ်နိုင်ရန်အတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့ (CID) တို့နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။

သေဆုံးသူမှာ အသက် ၄၇ နှစ်ရှိ အိမ်ထောင်မရှိသူ လူလွတ်တဦး ဖြစ်ကာ မိသားစုများမှာ ရန်ကုန်မြို့တွင် နေထိုင်ပြီး သူ တဦးတည်းသာ နေပြည်တော်၌ နေထိုင်နေခြင်း ဖြစ်သည်ဟု သိရသည်။

“ကုမ္ပဏီမှာ ညအိပ်တဲ့ သူ့ရဲ့လူယုံတော်ကလည်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က ရန်ကုန်ကို ပြန်သွားတယ်။ အဲဒီမှာ ပြဿနာဖြစ်တာ”ဟု စခန်းမှူး ဒုရဲမှူး တင်ဌေးက ပြောသည်။

ရဲတပ်ဖွဲ့ ကနဦးစစ်ဆေးချက်များအရ အဖိုးတန်ပစ္စည်းများ ပျောက်ဆုံးခြင်းမရှိသော်လည်း သေဆုံးသူ၏ ကား ပျောက် ဆုံး နေသည့်အတွက် လိုက်လံရှာဖွေရာ နေပြည်တော် တပ်ကုန်းမြို့အနီး၊ ရန်ကုန် မန္တလေး လမ်းဟောင်းတွင် ပြန်လည် တွေ့ရှိခဲ့ရသည်ဟုလည်း ဆိုသည်။

သေဆုံးသူ နေထိုင်သည့် ရာဇသင်္ဂဟ အိမ်ရာ (၂) နှင့် (၁) တို့မှာ နေပြည်တော် အစိုးရအဆက်ဆက် ဝန်ကြီး၊ ဒုဝန်ကြီး နှင့် ညွှန်ချုပ်အများအပြား နေထိုင်ရာအိမ်ရာများ ဖြစ်ပြီး မြေကွက်အများစုမှာ ပေ ၁၂၀ ပတ်လည် ရှိသည်ဟု သိရသည်။

ထို့ပြင် သီးသန့်ဆန်သည့် အိမ်ရာတခု ဖြစ်သည့်အတွက် လူသွားလူလာ ပြတ်ကာ နေအိမ်အတွင်း ပြဿနာ တစုံတရာ ဖြစ်ပွားပါက အနီးအနား နေအိမ်များကပင် သိရှိရန် မလွယ်ကူဟု ဒေသခံများက ပြောဆိုလျက်ရှိသည်။

ဥတ္တရသီရိ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က“ကျနော်တို့ အရပ်အခေါ်ကတော့ ဒုဝန်ကြီး အိမ်ရာပေါ့။ ဒုဝန်ကြီးအဆင့်တို့၊ ညွှန်ချုပ်တို့ကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ချထားပေးခဲ့တဲ့ အိမ်ရာမျိုးတွေလေ။ လူနေ အရမ်းနည်းသေးတယ်။ တချို့လည်း အိမ်ရှင်တွေ မနေကြဘူး။ လူနေနည်းတော့ ဒုစရိုက်မှုကျူးလွန်ဖို့ လွယ် သလို ဖြစ်တာပေါ့ ။ တအိမ်နဲ့ တအိမ်လည်း ထိတွေ့မှုအားနည်းတယ်လေ”ဟု ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် အစောပိုင်းကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ် မကွေး (ကံပြား) ကားလမ်း မိုင်တိုင် (၃/၃-၄) ကြား ကားလမ်း အရှေ့ဘက် (မကွေးမှ နေပြည်တော် အလာ) တွင် အသက် ၂၀ အရွယ်ခန့် အမျိုးသမီး အလောင်းအား မီးရှို့ဖျောက်ဖျက်မှု ဖြစ်စဉ်တရပ် ဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါ အမျိုးသမီး ခန္ဓာကိုယ်အား စစ်ဆေးခဲ့ရာ သေနတ်ဒဏ်ရာ နှစ်ချက် တွေ့ရှိခဲ့ရကြောင်း မှုခင်းတပ်ဖွဲ့ (CID) က သတင်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။

Loading